မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၆ ရက်နေ့ကစပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ရွာပေါင်းခုနစ်ရွာက ဒေသခံ ခြောက်ထောင်နီးပါး ထွက်ပြေးနေရပြီး လူနှစ်ဦး သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဝက်ပုတ်ရွာက အသက် ၆၀ ဝန်းကျင် လေဖြတ်နေတဲ့ ဦးစံတင်နဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ညောင်ရင်းရွာက စိတ်ကျန်းမာရေးချို့တဲ့သူ အသက် ၄၄ နှစ်အရွယ် ကိုလှဝင်းအောင် အဲဒီနှစ်ဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေဘက်က ပြောပါတယ်။
စစ်ကြောင်းထိုးမှုကြောင့် ချောင်းဝ၊ ဝက်ပုတ်၊ ဂွေးဂုံ၊ ကျွန်းတိုင်း၊ စသိန်း၊ ညောင်ရင်းနဲ့ ဂဲပင်အင်း စတဲ့ ကျေးရွာတွေက ဒေသခံ ခြောက်ထောင်နီးပါး ဘေးလွတ်ရာကို ရှောင်နေရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ် အင်အား နှစ်ရာခန့်ဟာ ဝက်ပုတ်ရွာဘက်ကနေ အခြားကျေးရွာတွေဘက်ကို သုံးဖွဲ့ခွဲကာ စစ်ကြောင်း စထိုးခဲ့တာလို့ ပြောပါတယ်။
အဲဒီ ဝက်ပုတ်ရွာအနီးမှာ ပေါက်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၁၈ ရက်နေ့မှာ စသိန်းရွာဘက်ကို စစ်ကြောင်းထိုးပြီး နေအိမ်တွေ မွေနှောက်ကာ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲဒါပြီးမှ စသိန်းရွာ၊ ဂဲပင်အင်းရွာ အဲဒီရွာတွေထဲမှာရှိတဲ့ အိမ်တွေအကုန်လုံး၊ ဘုန်းကြီးကျောင်းပါမချန် ရိုက်ဖွင့်ပြီး မွေနှောက်သွားတယ်။ ရှိသမျှ အကုန်ယူသွားတယ်။ ရွာခုနစ်ရွာလောက် အခုအချိန်အထိ ရှောင်နေရတယ်။ သူတို့က ပြန်မထွက်လာသေး လို့ ဒီကလူတွေက ရွာပြန်မဝင်ရဲသေးဘူးဗျ"
လက်ရှိ စစ်ဘေးဒုက္ခသည်တွေက စစ်ကြောင်းနဲ့ဝေးရာ ကျေးရွာတွေနဲ့တောတွေထဲမှာ ရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က လက်ရှိအချိန်အထိ ဇီးပြားရွာမှာ စခန်းချတပ်စွဲနေတာကြောင့် ဒေသခံတွေက ရွာတွေကို မပြန်ရဲသေးဘဲ ရှောင်တိမ်းနေရတယ်လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ ဦးသန်းဆွေဝင်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။
မကွေးတိုင်းမှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော် (၂၁၈,၁၀၀) အထိ ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ထားပါတယ်။