ကန့်ဘလူမှာ စစ်ကြောင်းကြောင့် စစ်ဘေးဒုက္ခသည် သုံးသောင်းခန့် နေရပ်မပြန်နိုင်သေး

2024.08.09
ကန့်ဘလူမှာ စစ်ကြောင်းကြောင့် စစ်ဘေးဒုက္ခသည် သုံးသောင်းခန့် နေရပ်မပြန်နိုင်သေး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဥ်။
Facebook/ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဇူလိုင်လ ၂၅ ရက်ကနေ ဩဂုတ်လ ၉ ရက်နေ့အထိ စစ်ကြောင်းထိုး နေတာကြောင့် ရွာပေါင်း နှစ်ဆယ်ခန့်က ဒေသခံ သုံးသောင်းခန့် ထွက်ပြေးနေရပြီး နေရပ်မပြန်နိုင်ကြသေးဘူးလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲက ရွာတွေဖြစ်တဲ့ ညောင်ဇင်ကြီး၊ ဆူးပုတ်ကုန်း၊ ဘိုကုန်းနဲ့ ဇီးပင်သာ စတဲ့ ရွာတွေအပါအဝင် ရွာပေါင်း နှစ်ဆယ်ဝန်းကျင်က ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေက လက်ရှိမှာ ဘိုတဲကုန်းနဲ့ မင်းကုန်းရွာမှာ အထိုင်ချ တပ်ဆွဲပြီး အင်အား ခုနစ်ဆယ်ခန့်နဲ့ ရွာတွေ စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်ကြဘဲ စားသောက်နေထိုင်ရေး အခက်အခဲရှိလာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကိုပြောပါတယ်။

"ရာသီဥတုကလည်း မကောင်းတော့ ကျန်းမာရေးတွေ ထိခိုက်နေကြတယ်။ စားရေးသောက်ရေးကလည်း ထွက်ပြေးတာ ဘာမှမပါတော့ တော်တော်လေးကို အခက်တွေ့နေရပါတယ်ဗျာ"

ဒေသခံတွေဟာ ရွာတွေနဲ့ ဝေးရာနေရာတွေမှာ မိုးကာတဲထိုးပြီး အဆင်ပြေသလို နေထိုင်နေရသလို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေကလည်း ရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ ဆက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

ဩဂုတ်လ ၈ ရက် မနေ့ကလည်း ညောင်ပင်ရွာမနဲ့ ရွာသစ်ကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့နေပြီး နေအိမ်ပျက်ဆီးမှု အသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက မဲသည်၊ ရှမ်းတပ်၊ သရက်ခေါင်း၊ ဘိုကုန်း၊ သပြေသာလေး၊ ပေလယ်၊ ဖလံချိုင် အစရှိတဲ့ ကျေးရွာ ၁၁ ရွာခန့်က နေအိမ် လေးရာကျော် မီးရှို့ခံထားပါတယ်။

အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးတာကြောင့် အရပ်သားနေအိမ် တစ်သိန်းနီးပါး (၉၅,၄၅၀) လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ မီးရှို့ဖျက်ဆီးခံရမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့က ဇူလိုင်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။