ဆေးရုံတင်ထားရတဲ့ လျှပ်စစ်ဝန်ကြီးကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး
2024.10.29
စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ ကျန်းမာရေးမကောင်းတာကြောင့် မန္တလေးဆေးရုံကြီးက အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသနေရစဉ် အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက လွတ်ငြိမ်းသက်ခွင့် ပေးလိုက်တယ်လို့ ဒီအခြေအနေကို သိရှိသူတွေက RFA ကို ပြောပါတယ်။
အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးဝင်းခိုင်ဟာ မန္တလေးအိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ခံထားရတာဖြစ်ပြီး အောက်တိုဘာလ ဒုတိယပတ်ကစလို့ မန္တလေးဆေးရုံကြီးကို လွှဲပြောင်းဆေးကုသမှု ခံယူနေရတာလို့ ဆိုပါတယ်။ သူဟာ အထူးကြပ်မတ်ကုသဆောင်မှာ သတိလစ်မေ့မြောနေတာဖြစ်ပြီး မနေ့က ညနေပိုင်းမှာတော့ အာဏာပိုင်တွေက ဆေးရုံကိုလာပြီး လွတ်ငြိမ်းသက်သာခွင့်ကို အမိန့်ကို ဖတ်ပြသွားတာလို့ အဲဒီအခြေအနေကို သိရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ဟုတ်တယ်ဗျ။ မနေ့ကညနေပိုင်းမှာ လွတ်ငြိမ်းခွင့်ကို ဆေးရုံမှာ ဖတ်ပြသွားတယ်လို့ သိထားတယ်။ မိသားစုဝင်တွေကိုတော့ ကျွန်တော်တို့လည်း ဆက်သွယ်နေပါတယ်။ ကျန်းမာရေးကလည်း စိုးရိမ်ရတဲ့ အခြေအနေပါ"
ဒီအခြအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဦးဝင်းခိုင်ဟာ စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကတည်းက ဖမ်းဆီးခဲ့ရတာဖြစ်ပြီး သူလုပ်ခဲ့တဲ့ လျှပ်စစ်စီမံကိန်းတွေမှာ နိုင်ငံဘဏ္ဍာတွေ ဆုံးရှုံးထိခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချခဲ့တာ ဖြစ်ပါတယ်။
မန္တလေးဆေးရုံကြီးမှာ အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာဆိုရင်လည်း မကွယ်လွန်မီ နာရီပိုင်းအလိုမှာမှ စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တာပါ။
အလားတူ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ ကိုဖေမောင်စိမ်းဟာလည်း ဩဂုတ်လ ၁၉ ရက်က ကွယ်လွန်ခဲ့ပြီး မကွယ်လွန်ခင်က သူ့ကို အင်းစိန်ဆေးရုံမှာ အကျဥ်းသားအဖြစ် ခြေချင်းနဲ့ ဆေးရုံတင်ထားခဲ့ကာ ကျန်းမာရေးဆိုးရွားနေချိန် မကွယ်လွန်ခင် သုံးရက်အလို သြဂုတ်လ ၁၆ ရက်နေ့ကျမှ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူနှစ်သောင်းကျော် (၂၁,၀၄၁ ဦး) ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။