ကယားပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက် မနေ့ကအထိ စစ်ကောင်စီရဲ့လက်ချက်နဲ့ ဘာသာရေးအဆောက်အအုံ ၂၀ နဲ့ လူနေအိမ်ပေါင်း ၁၀၉၃ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု PKPF- Information Center က ဇွန်လ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကနေ မေလအထိ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကနေ ကယားပြည်နယ် နန်းမယ်ခုံမြို့၊ သေးဆူလဲရွာ၊ ဒေါငံခါးအထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန်မှာ လမ်းမကြီးဘေးမှာရှိတဲ့ ကျေးရွာအားလုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ နေအိမ်မီးရှို့ဖျက် ဆီးခံလိုက်ရတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ရွာပြန်ကြည့်တဲ့သူတွေက ဗီဒီယိုရိုက်ပြီး ပို့လာကြတာလေ။ ကိုယ့်အိမ်တွေလည်း မရှိ တော့ဘူး။ အိမ်ဘေးကလူတွေရော၊ အရှေ့ဘက်ကအိမ်တွေရော ရွာရဲ့ တစ်ဝက်ကျော် ကျော် မီးရှို့ခံလိုက်ရပြီ။ အစက သူများပြောတာ မယုံခဲ့ဘူးပေါ့။ ဗီဒီယိုတွေ တွေ့ရတော့ တကယ်ကို စိတ်မကောင်းဖြစ်ရတယ်။ နန်းမယ်ခုံကနေ ဟိုး ဒေါငံခါးအထိကို အိမ်တွေ မီးရှို့ခံလိုက်ရတာ လမ်းမကြီးဘေးက ရွာတွေ အကုန်ပါတယ်”
တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာကြောင့် သူတို့ရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာကို အချိန်တစ်လကျော်လောက်အကြာမှ သိခဲ့ရတာလို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်က နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ကျေးရွာအများစုက ဒေသခံတွေကတော့ အခုအချိန်အထိ ဒုက္ခသည်စခန်းတွေနဲ့ တခြားရပ်ဝေးက ဆွေမျိုးနီးစပ်သူတွေဆီမှာ နေထိုင် နေကြရပြီး သူတို့ရဲ့နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ပြောကြပါတယ်။
တစ်နှစ်ကျော်အတွင်း တိုက်ပွဲပေါင်း ၃၁၈ ကြိမ်နဲ့ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း ၁၂၃ ကြိမ် ရှိခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF- Information Center ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတ်ဖြတ်ခံရတဲ့ အရပ်သား ၂၃၉ ဦးနဲ့ စစ်ဘေးဒုက္ခသည်စခန်းအသီးသီးမှာ သေဆုံးခဲ့ရသူ ၂၆ ဦး ရှိခဲ့သလို လူပေါင်း ၂၃၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ပြောပါတယ်။
တိုက်ပွဲကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ် KNDF၊ PDF၊ KA က သေဆုံးသူ ၁၂၈ ဦးနဲ့ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၁၂၂၇ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့အနေနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးတာမရှိသလို သေဆုံးတဲ့အရပ်သားတွေနဲ့ ပတ်သက်ပြီးတော့လည်း သူတို့ဟာ အရပ်သားတွေ မဟုတ်ဘဲ PDF အဖွဲ့ဝင်တွေသာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။