ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး ဘာသာပေါင်းစုံ တွေ့ဆုံပွဲ

ဘာသာပေါင်းစုံအတူယှဉ်တွဲ နေထိုင်ကြမယ်ဆိုတဲ့ ဆန္ဒတွေ လူတစ်ဦးချင်းစီမှာ ကိန်းအောင်းနေဖို့ လိုအပ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဒီနေ့ မန္တလေးမြို့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ ဘာသာပေါင်းစုံ ညီအစ်ကို မောင်နှမများတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင်က ပြောတာဖြစ်ပါတယ်။

တွေ့ဆုံပွဲကို ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာနဲ့ ဘဟာအီဘာသာက ဘာသာရေးခေါင်းဆောင်တွေ ဦးစီးကျင်းပခဲ့တာဖြစ်ပါတယ်။

အခမ်းအနားအပြီးမှာ အကြမ်းဖက်မှုတွေကြောင့် အသက်သေဆုံးခဲ့တဲ့ ဘာသာပေါင်းစုံ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအတွက် ၈ စက္ကန့် ငြိမ်သက်ဆုတောင်းခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ဆရာတော်သံဃာတော်တွေ၊ ဘာသာပေါင်းစုံ အကြီးအကဲတွေ ၊ နိုင်ငံရေးအင်အားစုတွေ၊ လူမှုရေးအသင်းအဖွဲ့တွေအပါအဝင် ဘာသာပေါင်းစုံက လူဦးရေ တစ်ထောင်ကျော် တက်ရောက်ခဲ့ကြပါတယ်။