ပြည်ကြီးတံခွန်မြို့နယ်က နေအိမ် ၄၀၀ ကျော် အင်အားသုံးဖယ်ရှားခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက်အတွင်းမှာ ကျူးကျော်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကနေ ဒီနေ့အထိ နေအိမ် ၄၀၀ ကျော် ဖယ်ရှားခံထား ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရပ်ကွက်မှာ အပိုင်း ၁၀ ပိုင်းရှိပြီး ဒီနေ့အထိ အပိုင်း လေးခုထက်မနည်း ဖျက်ဆီးဖယ်ရှား ခံထားရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ နေအိမ်ဖျက်ဆီးခံရတဲ့ အမျိုးသမီးတစ်ဦး က RFA ကို ပြောပါတယ်။

"တန်ရာတန်ကြေးပေး ဝယ်ထားတာပါ။ သူတို့ကဖျက်ဆိုတော့လည်း ဖျက်ရတာပေါ့။ အခုကြားတာက အကုန်ဖျက်ရမယ်လို့လည်း ကြားတယ်။ ချွေးနဲစာနဲ့ ဆောက်ထားပေမယ့် ဖျက်ဆိုဖျက်ရတာပဲ။ ဘယ်သူတိုင်လို့ရမှာလဲ။ အားလုံးကတော့ တစ်နေ့လုပ်၊ တစ်နေ့စားတွေဆိုတော့ တော်တော် စိတ်ဆင်းရဲနေကြတယ်"

ဖျက်ဆီးခံရတဲ့နေအိမ်တွေက သွပ်တစ်ပိဿာကို ကျပ် ၅၀၀၊ သံအထူ တစ်ပိဿာကို ကျပ် ၁၀၀၀ နဲ့ အဟောင်း ဝယ်ယူသူတွေကို ရောင်းချနေရတယ်လို့ နေအိမ်ဖယ်ရှားခံရသူတွေက ပြောပါတယ်။

နေအိမ်တွေကို စစ်တပ်၊ ရဲနဲ့ စည်ပင်ဝန်ထမ်းတွေက ရပ်ကွက်အဝင်အထွက်ကိုပိတ်ပြီး အင်အားသုံးဖယ်ရှားခဲ့ကြတာလို့ ဆိုပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် (ဋ) ရပ်ကွက် အတွင်းမှာ အပိုင်း ၁၀ ပိုင်းရှိပြီး နေအိမ် ၅၀၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်၊ ၄၉ လမ်းပေါ်က နေအိမ်တွေကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က ဖယ်ရှားနေချိန် အမည်မသိအမျိုးသားတစ်ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။