ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လာမယ့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွက် သာမန်ငွေလုံးငွေရင်း စာရင်းမှာ ပြီးခဲတဲ့နှစ်ကထက် ငွေကျပ်ဘီလျံ ၁၁ဝဝ ကျော် ပိုမိုတောင်းခံထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ လာရောက်ရှင်းလင်းလာရာမှာ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ် က အဲဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။
သုံးနှစ်စာ နှိုင်းယှဉ်ချက်အရ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းမှာ၊ သာမန်ရငွေနဲ့ ငွေလုံးငွေရင်း ရငွေ စုစုပေါင်း ငွေကျပ် ၂၉ဝဝ ဘီလီယံကျော်၊ ၂ဝ၁၈- ၂ဝ၁၉ မှာ ၃၂၀၀ ဘီလျံဝန်းကျင်နဲ့ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွက် ၃၃၇၀ ဘီလျံကျော် တင်ပြတောင်းခံထားတယ်လို့ သိရပါတယ်။
၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်မှာ သာမှန်ရငွေ အနေနဲ့ ၆၅ ဘီလျံနီးပါး၊ ၂ဝ၁၈- ၂ဝ၁၉ မှာ ၇၁ ဘီလျံနဲ့ အခု ၂ဝ၁၉-၂ဝ၂ဝ အတွက် ၄၇ ဘီလျံ တင်ပြတောင်းခံထားတယ်လို့ ဗိုလ်ချုပ် မြင့်နွယ်က ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ ပြည်ထဲရေးဝန်ကြီးဌာနက ၂ဝ၁၉ -၂ဝ၂ဝ ဘဏ္ဍာနှစ်မှာ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်ငွေ ၁၃၃ ဘီလျံကျော် လျာထားတင်ပြခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ဒီနေ့ ပြောပါတယ်။
အဲဒီအထဲက ဆောက်လုပ်ရေး အသုံးစရိတ်အတွက် ကျပ်ငွေ ၁ဝ၇ ဘီလျံကျော် သုံးစွဲမယ်လို့ သူက ဆိုပါတယ်။
အဲဒီငွေကြေးကို ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရုံးအပါအဝင် တပ်ဖွဲ့တွေအတွက် အဆောက်အဦး ဆောက်လုပ်ဖို့နဲ့ ပြုပြင်တဲ့လုပ်ငန်းတွေ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံတဲ့ လုပ်ငန်းနဲ့ အသစ်ဖွင့်လှစ်မယ့် ရဲကင်းနဲ့ နယ်မြေရဲစခန်းတွေအတွက် အသုံးပြုမယ်လို့လည်း ဗိုလ်ချုပ် အောင်သူက ပြောပါတယ်။
ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန ရသုံးစာရင်း လျာထားချက်ကို ရှင်းလင်းတင်ပြရာမှာ သာမန်ရငွေနဲ့ ငွေလုံးငွေရင်း စုစုပေါင်းရငွေ ကျပ် ၃၆ ဘီလျံကျော် ရရှိနိုင်တယ်လို့ သိရပါတယ်။
အသုံးစားရိတ်ကတော့ ငွေလုံးငွေရင်း အသုံးစရိတ် ၁၃၃ ဘီလျံကျော်နဲ့ သာမန်အသုံးစရိတ် ကျပ် ၄၀၇ ဘီလျံကျော်၊ စုစုပေါင်း ကျပ်ငွေ ၅၄ဝ ဘီလျံကျော် သုံးစွဲဖို့ တင်ပြတောင်းခံသွားပါတယ်။
အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းတွေနဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေ သုံးငွေတွေနဲ့ ပတ်သက်ပြီး အစိုးရ ဝန်ကြီးဌာန အသီးသီးက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ လာရောက်ရှင်းလင်းခဲ့ကြတာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)
