ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေသူများကို ရန်ကုန် ခြံအမှတ် (၅၄) ကို ပြန်လည်ပို့ဆောင်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က လျှို့ဝှက်နေရာတစ်ခု မှာ ထိန်းသိမ်းထားစဉ် သူနဲ့အတူ နေထိုင်ခဲ့သူ ရှစ်ဦးလုံး ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) ကို ပြန်လည်ရောက်လာကြပြီလို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

နေပြည်တော် အချုပ်ထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်တော်ပိုင်ပစ္စည်းတွေ၊ သူနဲ့အတူနေထိုင်တဲ့သူ ရှစ်ဦးနဲ့ ခွေးကလေး တိုက်ချီဒိုတို့ ဇူလိုင်လ ၄ ရက်နေ့က ပြန်ရောက်လာကြတာလို့ NLD ပါတီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဇူလိုင်လ ၄ ရက်နေ့က နေပြည်တော်မှာ အန်တီစုနဲ့ အတူနေတဲ့သူ ရှစ်ဦးရယ်၊ ခွေးလေး တိုက်ချီဒိုတို့ ရန်ကုန် အန်တီ့ခြံ ၅၄ ကို ရောက်သွားကြပြီ။ နေပြည်တော်က အန်တီ့ရဲ့ ပစ္စည်းတွေပါ အကုန်ပါလာတယ်။ အန်တီက ထောင်ထဲရောက်သွားပြီးတဲ့နောက်ပိုင်းမှာ အစားအသောက် အဆင်မပြေတော့ဘူးလို့ ကြားရတယ်။ သူ့ကျန်းမာရေးကတော့ ကောင်းပါတယ်”

ဇူလိုင်လ ၅ ရက် မနေ့ကတော့ နေပြည်တော်က လရောင်တော စီမံကိန်း မြေနေရာကိစ္စ အဂတိမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင် အထူးတရားရုံး မှာပဲ ဆက်လက်စစ်ဆေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အာဆီယံ အထူးကိုယ်စားလှယ် ပရက် ဆော့ခွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ခေါင်းဆောင်ဆီကို တောင်းဆိုခဲ့ပေမယ့် တွေ့ဆုံခွင့်မရခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို မူလနေရာမှာ ပြန် ထားဖို့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်ကိုလည်း စစ်ကောင်စီဘက်က ပယ်ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မူလထိန်းသိမ်းထားတဲ့နေအိမ်မှာပဲ ပြန်ထားဖို့ တောင်းဆိုချက် တွေကိုလည်း လိုက်လျောမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်ဆောင်တစ်ခုကို ပြောင်းရွှေ့ခံခဲ့ရပြီး ကျန် နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက်တရားရင်ဆိုင်နေ ရတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရား စွဲဆိုခံထားရပြီး လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါ တယ်။