စမ်းချောင်းက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် ခုနစ်ဦး နုတ်ထွက်
2024.03.25
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်က စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ခုနစ်ဦး နုတ်ထွက်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စမ်းချောင်းမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၂ ဦးအပါအဝင် စုစုပေါင်း ၁၆ ဦးနဲ့ ဖွဲ့စည်းထားတာပါ။
ဒီအမည်စာရင်းတွေကို မတ်လ ၁၉ ရက်က စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကနေ ဖြန့်ဝေခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီဆန့်ကျင်ရေးအုပ်စုတွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံရမှာကို စိုးရိမ်တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြတာလို့ ဒေသခံတွေက ပြောပါတယ်။
စမ်းချောင်တောင်ရပ်ကွက်၊ ဟုမ်းလမ်းရပ်ကွက်နဲ့ နောက်ထပ် အမည်မသိရသေးတဲ့ ရပ်ကွက် ငါးခုက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ကြတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဋ္ဌ ကိုပီတာ ပြောပါတယ်။
"ခုနစ်ရပ်ကွက်လို့ ကနဦး သိထားပါတယ်။ ဒါပေမဲ့ စမ်းချောင်း တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်နဲ့ ဟုမ်းလမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးသိမ်းတို့က နုတ်ထွက်စာတင်တယ်ဆိုတာ အတိအကျ သိရပါတယ်"
မနုတ်ထွက်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ကို လုံခြုံရေးပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ တောင်းဆိုထားကြတယ်လို့ သူက ပြောပါတယ်။
နုတ်ထွက်စာတင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ RFA က ကြိုးစားနေပါတယ်။
ဒါနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိတဲ့ တိုင်းဥပဒေချုပ်ရုံးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။
စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကတော့ စစ်မှုထမ်းဖို့ကူညီပေးနေသူတွေကို ထိထိရောက်ရောက် အရေးယူမယ်လို့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
RFA က ကောက်ယူထားတဲ့စာရင်းတွေအရ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းတဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်ကနေ မတ်လ ၂၅ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရုံးစာရေးနဲ့ ရာအိမ်မှူး စုစုပေါင်း ၁၆ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။