ပလက်ဝ စစ်ဘေးဒုက္ခသည်တွေအတွက် WFP ရဲ့ ဆန်အိတ်တွေရောက်ပေမယ့် ခွဲမပေးသေး

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်ခဲ့စဉ်
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်ခဲ့စဉ် (Photo: United Nations Myanmar)

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ပေါ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ငါးခုက ဒုက္ခသည် ငါးထောင်ကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ပေးပို့တဲ့ ဆန်အိတ် ၁၂၀၀ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့က ရောက်လာပြီလို့ ပလက်ဝမြို့ပေါ်ရှိ ဘောလုံးကွင်းမှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်အဖွဲ့ခေါင်းဆောင် ကိုအောင်ဏီက RFA ကို ပြောပါတယ်။

WFP က ပို့ပေးတဲ့ ဆန်အိတ်တွေကို ရခိုင်ပြည်နယ် ကျောက်တော်မြို့အခြေစိုက် စစ်ကောင်စီတပ် စကခ (၉) က တိုက်ပွဲတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သယ်ယူခွင့် မပေးဘဲ ပိတ်ပင်ထားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပလက်ဝကို ရောက်လာတာပါ။

ပလက်ဝမြို့ကို ဆန်အိတ်တွေ ရောက်ရှိနေပေမယ့် ဒီနေ့အထိတော့ မြို့ပေါ် စစ်ဘေး ဒုက္ခသည်တွေဆီ ခွဲဝေပေးတာမရှိသေးဘူးလို့ ဒေသခံ စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

"အခုရောက်တဲ့ ဆန်တွေကို အားကစားရုံမှာပဲ ထားသေးတယ်။ ဆားတွေ၊ ဆီတွေ၊ ကုလားပဲတွေ မပါသေးလို့ ပေးလို့မရဘူးလို့ ပြောပါတယ်"

ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား မကြာသေးခင်က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့လောက်ကစပြီး အဘောင်သား၊ ရီးမဝနဲ့ တုံးမဝရွာတွေကနေ မြို့ပေါ်ကို ထွက်ပြေးလာကြတာပါ။

ဒီနေ့အထိ အိမ်ထောင်စု နှစ်ရာကျော် စုစုပေါင်းဒုက္ခသည် ငါးထောင်ကျော်ရှိပြီး အဲဒီ ဒေသခံတွေကို မြို့ပေါ်က ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းအပါအဝင် စခန်း ငါးခုမှာ ယာယီနေရာချပေးထားတယ်လို့ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုကြောင့် နေရပ်စွန့်ခွာသူ ၈၆၆,၀၀၀ ဦးရှိနေပြီး အဲဒီမတိုင်ခင်က နေရပ်စွန့်ခွာသူ ၃၄၆,၀၀၀ ဦး ရှိတာကြောင့် မြန်မာ တစ်နိုင်ငံလုံးမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၁ ဒသမ ၂ သန်းကျော် ရှိတယ်လို့ UN OCHA က ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။