ဇူလိုင်လ ၁ ရက်နေ့အတွက် ထုတ်ဝေတဲ့ Time မဂ္ဂဇင်းပါ ဆရာတော် ဦးဝီရသူ မျက်နှာဖုံးနဲ့ ဆောင်းပါးဟာ ဗုဒ္ဓဘာသာအပေါ် အခြေအမြစ်မရှိ စွပ်စွဲထားချက်သာဖြစ်ပြီး ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှု အသွင်ဆောင်နေတဲ့အတွက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အနေနဲ့ ကန့်ကွက်ရှုတ်ချကြောင်း ဒီကနေ့ရက်စွဲနဲ့ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
အခုလိုသဘောထား ထုတ်ပြန်ရတာနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက RFA ကို အခုလိုပြောပါတယ်။
"ဒီလိုရေးသားဖာ်ပြချက်ဟာ မှန်ကန်မှုမရှိတဲ့အပြင် ပဋိပက္ခတွေ ပေါ်ပေါက်စေအောင် သွေးထိုးလှုံ့ဆော်မှု တစ်ခုအဖြစ်မြင်တယ်၊ ဗုဒ္ဓဘာသာဝင်တွေကိုလည်း ဂုဏ်သိက္ခာညှိးငယ်စေသလို ကမ္ဘာကြီးတစ်ခုလုံး ကလည်း ဗုဒ္ဓဘာသာဟာ ဒီလိုဘာသာမျိုးပါလားဆိုတဲ့အမြင်တွေ မြင်သွားနိုင်တယ်၊ အဲဒါကြောင့်မို့လို့ ကျနော်တို့ဟာ တိုင်းမ်မဂ္ဂဇင်းကို ရှုတ်ချကန့်ကွက်တဲ့အနေနဲ့ ထုတ်တာပါ"
ထုတ်ပြန်ချက်ထဲမှာ ဆရာတော်ဦးဝီရသူရဲ့ လုပ်ဆောင်ချက်တွေဟာ ဗုဒ္ဓတရားတော်နဲ့အညီ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ အမျိုးဘာသာ သာသနာ တည်တံ့ရေးအတွက် လုပ်ဆောင်ချက်တွေသာဖြစ်ကြောင်း၊ ဘယ်သူဘယ်ဝါကို တိုက်ခိုက်လိုတဲ့ ရည်ရွယ်ချက်၊ မည်သည့်သင်ကြားညွှန်ပြမှုမျိုးမှ မပါရှိကြောင်း၊ မိတ္ထီလာဖြစ်စဉ်အတွင်းမှာလည်း ဆရာတော်ကိုယ်တိုင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွဲဖက်ပြီး အကြမ်းဖက်မှုတွေ ရပ်တန့်စေဖို့ မြို့အနှံ့လှည့်လည်ကာ မနားမနေ ဖျောင်းဖျပြောဆိုခဲ့တာတွေကို Time မဂ္ဂဇင်းက တစ်လုံးတစ်ပါဒမှ ဖော်ပြခြင်းမရှိတဲ့အတွက် ဘက်လိုက်တဲ့ တစ်ဘက်သတ် စွပ်စွဲမှုသာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
ဆရာတော် ဦးဝီရသူ ဦးဆောင်ပါဝင်တဲ့ ၉၆၉ လှုပ်ရှားမှုရဲ့ အနှစ်သာရဟာ အကြမ်းဖက်မှုကို အားမပေးဘဲ အနုနည်းနဲ့ အမျိုးဘာသာ တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်သင့်တာကို တိုက်တွန်းနှိုးဆော်ခြင်းသာဖြစ်ကြောင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။ အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။