ငြိမ်းချမ်းတည်ငြိမ်မှ တရုတ်စီမံကိန်းအကောင်အထည်ဖော်နိုင်မယ်လို့ သမ္မတရုံးပြော

တရုတ်အစိုးရနဲ့ စစ်တပ်ခန့်အစိုးရအကြား စီမံကိန်းတွေအကောင်အထည်ဖော်ဖို့ သဘောတူခဲ့ပေမယ့် ငြိမ်းချမ်းတည်ငြိမ်မှာသာ အကောင်အထည်ဖော်နိုင်မယ်ဟုဆို။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor – CMEC) အောက်က ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မန္တလေး–မူဆယ် ရထားလမ်းစီမံကိန်းတွေကို အကောင်အထည်ဖော်သွားဖို့ နှစ်နိုင်ငံ သဘောတူထားပေမယ့် လက်တွေ့မှာ စီမံကိန်းရှိရာ နယ်စပ်ဒေသတွေ ငြိမ်းချမ်းတည်ငြိမ်မှသာ အကောင်အထည်ဖော်လို့ရမယ်လို့ စစ်တပ်ခန့်အစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

ဇွန် ၃၀ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားရာမှာ အခုလို ပြောဆိုခဲ့တာပါ။

CMEC စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်ဖို့အတွက် သဘောတူထားတယ်ဆိုတာကို ဇွန်လ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ တရုတ်–မြန်မာ ပူးတွဲကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒီအထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ မန္တလေး–မူဆယ် ရထားလမ်းစီမံကိန်းတွေကို ဆက်လက်အကောင်အထည် ဖော်မယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ ဇွန်လက တရုတ်ခရီးစဥ်မှာလည်း စီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်မယ်ဆိုတဲ့ သဘောတူညီချက်တွေ ပါရှိတာတွေ့ရပါတယ်။

“တရုတ်နိုင်ငံရဲ့ Belt and Road စီမံကိန်းနဲ့ CMEC စီမံကိန်းတွေက နယ်စပ်ဒေသ ငြိမ်းချမ်းမှ အဆင်ပြေနိုင်မယ်ဆိုတာပါပဲ” လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

မူဆယ်–မန္တလေး ရထားလမ်းစီမံကိန်းမှာ လမ်းကြောင်းလေ့လာမှုအပိုင်းပြီးစီးပြီး အစီအစဉ် စတင်နိုင်တဲ့ အဆင့်ကို ရောက်နေပေမယ့် မန္တလေး–ကျောက်ဖြူအပိုင်းမှာတော့ လမ်းကြောင်းရွေးချယ်မှုတွေ လုပ်ဆောင်ထားပြီး ဖြစ်ပေမယ့် လက်ရှိပဋိပက္ခတွေကြောင့် လုံခြုံရေးမသေချာတဲ့နေရာတွေမှာ လုပ်ငန်းတွေ ရပ်ဆိုင်းထားရတယ်လို့ ပြောပါတယ်။

အလားတူ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးစီမံကိန်းကိုလည်း နယ်မြေအေးချမ်းမှသာ ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ ပြောပြီး လုံခြုံရေးကောင်းမွန်တာနဲ့ ချက်ချင်းပြန်လည် စတင်မယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံက ODA အကူအညီတွေ ရပ်ဆိုင်းထားတာကြောင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ထိခိုက်နေပြီး ရထားလမ်းစီမံကိန်းတွေပါ ရပ်တန့်နေတယ်လို့ သူက ပြောပါတယ်။

ဒါကြောင့် ဂျပန်အစိုးရကိုလည်း အရင်သဘောတူထားတဲ့ အကူအညီတွေ ပြန်လည်ပေးအပ်နိုင်ဖို့ တောင်းဆို လိုပြီး လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကူအညီတွေ လိုအပ်နေ သေးတယ်လို့ ဒေါက်တာခိုင်ခိုင်စိုးက ပြောပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ လက်ရှိအခြေအနေမှာ နယ်စပ်ဒေသတွေဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မတည်ငြိမ်သေးတဲ့အခြေအနေရှိနေပြီး စီမံကိန်းအကောင်အထည်ဖော်မှုတွေဟာ လုံခြုံရေးအခြေအနေအပေါ် အများကြီးမူတည်နေတဲ့အတွက် အာရက္ခတပ်တော် (AA) ရဲ့ သဘောတူညီမှုတွေလည်း လိုအပ်တယ်လို့ သုံးသပ်နေကြပါတယ်။

တစ်ဖက်က တရုတ်နိုင်ငံအစိုးရကတော့ မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေမှာ ပူးပေါင်းကူညီသွားမယ်လို့လည်း နှစ်နိုင်ငံဆွေးနွေးမှုတွေမှာ ထည့်သွင်းပြောဆိုထားပါတယ်။