ဖားကန့်မြေစာပုံပြိုကျမှုတွေကြောင့် တစ်ပတ်အတွင်း လူ ၁၃ ဦးသေဆုံး၊ ငါးဦးပျောက်ဆုံးနေ

ဇူလိုင် ၃ ရက်နေ့မနက် မြေစာပုံပြိုကျတာကြောင့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီဝန်ထမ်း အမျိုးသား ခုနစ်ဦး သေဆုံး။

ကချင်ပြည်နယ်၊ ဖားကန့်မြို့က ကျောက်စိမ်းလုပ်ကွက်တွေမှာ မြေစာပုံပြိုကျတာကြောင့် ဇွန်လ ၂၇ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ တစ်ပတ်အတွင်း ရေမဆေးသမားနဲ့ကုမ္ပဏီဝန်ထမ်း ၁၃ ဦးထိ သေဆုံးကာ ငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့ (ဇူလိုင် ၃ ရက်) မနက်က ဆိပ်မူကျေးရွာအုပ်စုမှာ မြေစာပုံပြိုကျတာကြောင့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီဝန်ထမ်း အမျိုးသား ခုနစ်ဦး သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဆိပ်မူကျေးရွာဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မြေပြိုမှုမှာပါသွားတဲ့ ဝန်ထမ်းအကုန်လုံးကို ဒီညနေပိုင်းမှာပဲ ရှာဖွေလို့တွေ့သွားတယ်ပေါ့။ မြေစာပုံပြိုတာရယ် ရွှံနွံတွေရောကြောင့် အကုန်လုံးက အသက်ရှုကြပ်ပြီး ဆုံးကြတာ။ တချို့လူတွေ မနည်းဆွဲထုတ်ရတယ်လို့ကြားတယ်။ ပြီးတော့ ၂၇ ရက်နေ့က မြေစာပုံပြိုတာလည်း ခြောက်ဦးပဲအလောင်းရတယ်။ ငါးယောက်လောက် ရှာမတွေ့ဘူးလို့ ပြောတယ်။ အဲဒီရက်ပိုင်းက မိုးတွေကရွာ ရေတွေကကြီးနဲ့ ရှာဖွေရေးတွေ တော်တော်ခက်ခဲတာလည်း ပါမှာပေါ့နော်”

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကလည်း နမ့်မှော်ကျေးရွာက စွန့်ပစ်မြေစာပုံဟောင်းမှာ မိုးများပြီး ရုတ်တရက်ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်ရှာဖွေနေသူ ခြောက်ဦးသေဆုံးကာ ငါးဦးပျောက်ဆုံးနေဆဲပဲလို့ သူက ဆိုပါတယ်။

ဒီမြေစာပုံပြိုကျမှုတွေနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်ရဲ့ စစ်တပ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးကျော်မင်းခိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

လတ်တလော ဖားကန့်မြိုပေါ်ရပ်ကွက်တွေမှာ ဇွန်လပထမပတ်ကတည်းက မိုးအဆက်မပြတ် ရွာနေပြီး ရေကြီးရေလျှံနေတာကြောင့် တိုက်ပွဲတွေတော့ ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

RFAက ပြုစုထားတဲ့စာရင်းတွေအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်လက်ရှိအချိန်အထိ ဖားကန့်မြို့နယ်မှာ မြေပြိုမှု ၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉၂၀ ဦး အထိရှိနေပါတယ်။