သုံးလအတွင်း ခွင့်ပြန်ပြည်ပလုပ်သား ၁,၁၀၀ ကျော် ပြန်ထွက်ခွာခွင့် ပယ်ချခံရ

ဧပြီလမှာ ၆၀၈ ဦး၊ မေလမှာ ၃၀၁ ဦးနဲ့ ဇွန်လမှာ ၁၉၅ ဦး ပြည်ပပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရ။

အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတရာထူးယူပြီး သုံးလအတွင်း ပြည်ပကနေ ခွင့်နဲ့ မြန်မာနိုင်ငံ ပြန်လာတဲ့ အလုပ်သမားတွေထဲက တစ်ထောင်ကျော် ပြည်ပပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရတယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ အလုပ်သမားအရေး ကူညီသူတွေက RFA ကို ပြောပါတယ်။

မြန်မာနှစ်သစ်ကူးကာလဖြစ်တဲ့ ဧပြီလမှာ ၆၀၈ ဦး၊ မေလမှာ ၃၀၁ ဦးနဲ့ ဇွန်လမှာ ၁၉၅ ဦး ပြည်ပပြန်ထွက်ခွာခွင့် ပယ်ချခံခဲ့ရပြီး သုံးလအတွင်း စုစုပေါင်း ၁,၁၀၄ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

အသွင်ပြောင်း အစိုးရက ပြည်ပပြန်ထွက်မယ့် အလုပ်သမားတွေကို ကန့်သတ်ချက်မျိုးစုံနဲ့ ပယ်ချနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်တွင်းပြည်ပ အလုပ်သမားအားလုံး ပုံစံမျိုးစုံနဲ့ ချိုးဖောက်ခံနေရတာပါပဲ။ ပြည်ပထွက်မယ့်သူ အလုပ်သမားအသစ်တွေလည်း ကန့်သတ်ချက်တွေများလာသလို ခွင့်နဲ့ပြန်လာကြတဲ့ အလုပ်သမားတွေလည်း နည်းမျိုးစုံနဲ့ မတူတဲ့ဇာတ်လမ်းတွေနဲ့ ပယ်ချခံနေရတာတွေ့ပါတယ်။ OWIC ကတ်ရှိလည်း ခွင့်စာနဲ့ အလုပ်အမျိုးအစားမတူရင် ပေး မပြန်ဘူးကြားပါတယ်။ အဲဒီထဲမှာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ (စစ်မှုထမ်း)အသက်ကန့်သတ်ချက်နဲ့ မငြိတဲ့လူငယ်တွေတောင် ပေးမပြန်တာရှိနေသေးတာ (စစ်မှုထမ်း) သတ်မှတ်ထားတဲ့အသက်အရွယ်နဲ့ ငြိစွန်းနေရင်တော့ ပိုဆိုးတာပေါ့၊ အဲဒါမျိုးကတော့ အလုပ်သမားအသစ်လည်း ထွက်လို့မရပါဘူး။”

အများစုဟာ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ (OWIC) ကတ်ရှိပေမယ့် လိုအပ်ချက်မပြည့်စုံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်ရှင်ခွင့်စာ၊ အခွန်ပေးဆောင်ထားကြောင်း အထောက်အထား၊ ဗီဇာနဲ့ ပြည်ဝင်တံဆိပ်တုံး မပြနိုင်တာတွေကြောင့်လည်း ပြန်ထွက်ခွင့် မရသူတွေ ရှိတယ်လို့ ပြောပါတယ်။

ပြည်ပကို ပြန်ထွက်ခွာခွင့် မရကြတဲ့သူတွေထဲမှာ ပြည်ပကနေ မိသားစုထံ လွှဲပို့ထားတဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း မပြည့်မီတာ၊ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာမပါတာ၊ အလုပ်ရှင်က မြန်မာနိုင်ငံကို ပြန်လာခွင့်ပေးထားတဲ့ စာ မပြနိုင်တာ၊ သံရုံးထောက်ခံစာ မပါတာတွေကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အလုပ်သမားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ နေ့ကတော့ ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာတဲ့အခါ သက်ဆိုင်ရာ နိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကနေ ထောက်ခံစာ မဖြစ်မနေ ထုတ်ယူခဲ့ရမှာ ဖြစ်တယ်လို့ စစ်တပ်ခန့်အစိုးရအဖွဲ့ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်ပရောက် အလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းက မလွှဲရင် ပြည်ပထွက်ခွါဖို့အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမှာ မဟုတ်သလို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ (OWIC) ကတ်လည်း ထုတ်ပေးမှာ မဟုတ်ဘူးလို့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ နေ့ကတည်းက စစ်တပ်ခန့်အစိုးရအဖွဲ့ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ပါတယ်။

အလုပ်သမားအရေးကူညီသူတွေကတော့ ပြည်ပရောက် အလုပ်သမားတွေအပေါ် ကန့်သတ်ချက်တွေနဲ့ ပိုပြီးတင်းကျပ်လာတာကြောင့် အလုပ်သမားတွေရဲ့ လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့် ထိခိုက်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။