ရိုဟင်ဂျာတွေအတွက် ပေါင် ငါးသန်းကျော် ဗြိတိန်ထပ်မံကူညီ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နောက်ထပ် ပေါင်စတာလင် ၅.၂ သန်း ကူညီမယ်လို့ ဗြိတိန်အစိုးရက မတ်လ ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။

ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့မှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ဦးဆောင်ကျင်းပတဲ့ ၂၀၂၄ ခုနှစ် ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှု အကျပ်အတည်း ပူးပေါင်းဖြေရှင်းမှုဆိုင်ရာညီလာခံမှာ ကြေညာလိုက်တာပါ။

ဒါကြောင့်ရိုဟင်ဂျာတွေအတွက်ရော၊ သူတို့ပတ်ဝန်းကျင်အသိုင်းအဝိုင်းအတွက်ပါ ဗြိတိန်အစိုးရကူညီခဲ့တာ ၂၀၁၇ ခုနှစ်ကတည်းက အခုအထိ ပေါင် ၃၇၉ သန်းရှိပြီလို့ ဆိုပါတယ်။ အဲဒီအပြင် ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ ရိုဟင်ဂျာနဲ့ တခြား မွတ်စလင်တွေအတွက်ကိုလည်း ပေါင် သန်း သုံးဆယ်ကျော် ကူညီခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပိုပြီးဆိုးနေတဲ့အခြေအနေကိုရော ရိုဟင်ဂျာဒုက္ခသည်တွေအတွက်ပါ ဗြိတိန်အစိုးရအနေနဲ့ စိုးရိမ်ပူပန်နေသလို၊ ဒီကိစ္စတွေပြေလည်ဖို့အတွက် လုံခြုံရေးကောင်စီမှာရထားတဲ့ ဗြိတိန်ရဲ့အခန်းကဏ္ဍကို အသုံးပြုမယ်လို့ဆိုပါတယ်။ ရိုဟင်ဂျာတွေ သိက္ခာရှိရှိပြန်ပြီး လုံလုံခြုံခြုံနေရမယ့် ကာလအထိ ဗြိတိန်အစိုးရအနေနဲ့ ဆက်ပြီး ပါဝင်ပတ်သက်နေမှာဖြစ်သလို၊ လာမယ့် ဒီဇင်ဘာလမှာကျင်းပမယ့် ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်ညီလာခံမှာလည်း ဒီကိစ္စကိုထင်ရှားအောင်ဆောင်ရွက်မယ်လို့ကတိပေးတဲ့အကြောင်း ဖော်ပြထားပါတယ်။

ခြောက်နှစ်ကျော် လူပေါင်းတစ်သန်းကျော်ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ကိုလည်း အသိအမှတ်တဲ့အကြောင်းနဲ့ ဝိုင်းဝန်းကူညီတဲ့ နိုင်ငံတွေကိုလည်းကျေးဇူးတင်တဲ့အကြောင်း ဗြိတိန်အစိုးရက ထည့်သွင်းပြောဆိုလိုက်ပါတယ်။