ရိုဟင်ဂျာ ၇၀၀ ကျော်လက်ခံဖို့ စီစဉ်နေကြောင်း စစ်ကောင်စီပြော

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေထဲက အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်ကို ပြန်လည်လက်ခံဖို့ လျာထားတယ်လို့ စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာမှာ ဧပြီလ ၅ ရက်နေ့က ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ထားတဲ့ လူဦးရေအိမ်ထောင်စုစာရင်းတွေကို စိစစ်ချက်အရ မြန်မာနိုင်ငံမှာ နေထိုင်ကြောင်း အထောက်အထားရှိသူ ၅၆,၀၀၀ ကျော်၊ အထောက်အထား မရှိသူ ၃၀,၀၀၀ ကျော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကြမ်းဖက်စာရင်းမှာပါဝင်သူ ၉၀၀ ကျော် စုစုပေါင်း ၈၇,၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

နှစ်နိုင်ငံညှိနှိုင်းချက်တွေအရ အဲဒီရိုဟင်ဂျာတွေထဲက ၇၀၀ ကျော်ကို ရှေ့ပြေးစီမံကိန်း အနေနဲ့ ပြန်လည်လက်ခံဖို့ သဘောတူခဲ့တဲ့အတွက် လက်ခံဖို့လျာထားတာဖြစ်ပြီး သူတို့နဲ့ ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်ကိုလည်း လက်ခံဖို့ စိစစ်နေတယ်လို့လည်း ဆိုပါတယ်။

ပြန်လာသူတွေကို တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းတွေမှာ စိစစ်လက်ခံသွားမှာဖြစ်ပြီး လှဖိုးခေါင်ကြားစခန်းမှာ နှစ်လကြာ ယာယီထားမှာပါ။

အဲဒီကနေတစ်ဆင့် သူတို့အတွက် မောင်တောမြို့နယ်၊ မြောက်ဘက်ခြမ်းမှာ ကျေးရွာ ၁၅ ရွာ၊ မြေကွက် ၇၅၀ စီစဉ်ထားပြီး အခြေခံ အဆောက်အအုံတွေလည်း ဆောင်ရွက်ထားသလို ဝင်ရောက်လာတဲ့အပေါ်မူတည်ပြီး အဆင့်ဆင့်ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ မတ်လ ၂၃ ရက်နေ့က စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောဆိုထား ပါတယ်။

ရိုဟင်ဂျာတွေကတော့ စစ်ကောင်စီရဲ့ ပြန်လည်လက်ခံရေးအစီအစဉ်ဟာ မူလနေရာမှာ ပြန်လည်နေရာချထားမှာမဟုတ်သလို နိုင်ငံသားဖြစ်ခွင့်ပေးဖို့နဲ့ လွတ်လပ်စွာသွားလာခွင့် ပေးဖို့စတဲ့ အာမခံချက်တွေမရှိတာကြောင့် ပြန်လာမယ့်သူ မရှိသလောက်နည်းပါးနေတယ် လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်ခစန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေက RFA ကို ပြောဆိုထားပါတယ်။

အခုလက်ရှိ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေးအခက်ခဲကြောင့် မိမိနေရပ်ကို ပြန်လာချင် ပေမယ့် သူတို့ရဲ့ တောင်းဆိုမှုတွေကို မရရင်တော့ ပြန်လာကြမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း လက်ရှိ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ဆန်းစစ်ချက်တွေအရ ရိုဟင်ဂျာတွေအတွက် ရေရှည်တည်တံ့ တဲ့ နေရပ်ပြန်နိုင်ရေး ဖြစ်မလာနိုင်သေးဘူးလို့ မတ်လ ၁၉ ရက်က ထုတ်ပြန်ထားပါတယ်။