ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေး ကွန်ဂရက်စ် ကြားနာပွဲ ပြုလုပ်

မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်ပြီး ကြားနာပွဲ တစ်ရပ်ကို မနေ့က အမေရိကန် ကွန်ဂရက်စ် လူ့အခွင့်အရေး ကော်မရှင် ရှေ့မှောက်မှာ ကျင်းပခဲ့ရာမှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ US Campaign For Burma အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ Jennifer Quigley က ရိုဟင်ဂျာ ဒုက္ခသည်တွေ အကြောင်း တင်ပြခဲ့ပါတယ်။

ကြားနာပွဲမှာ Ms. Quigley က ရိုဟင်ဂျာတွေရဲ့ လက်ရှိ အခြေအနေ၊ မြန်မာ စစ်အစိုးရရဲ့ ဖိနှိပ်ခံရမှု သမိုင်းကြောင်း တွေကို တင်ပြခဲ့ပြီး ရိုဟင်ဂျာတွေရဲ့ အခြေအနေ အကြောင်း သတင်း အချက်အလက်တွေ ရယူရာမှာ အောက်ခြေပိုင်း အဖွဲ့အစည်းတွေရဲ့ အသုံးဝင်ပုံတွေကိုလည်း တင်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တခြား တိုင်းရင်းသား လူမျိုးစုတွေဟာလည်း စစ်အစိုးရရဲ့ ဖိနှိပ်မှုက မလွတ်ကင်းကြပါဘူး၊ အထူးသဖြင့် ဖွံ့ဖြိုးရေး နဲ့ စီးပွားရေး စီမံကိန်းတွေရှိတဲ့ နေရာတွေမှာ ဖိနှိပ်မှု ပိုပြီး တိုးများတဲ့ အခြေအနေတွေ တွေ့ရပါတယ်လို့ သူက ပြောသွားပါတယ်။