အိန္ဒိယမှာ ရိုဟင်ဂျာ လေးဦး ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ လေးဦးကို ဖမ်ဆီးထားတယ်လို့ ဥတာပရာဒက်ရှ်ပြည်နယ် အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ (ATS) က ပြောကြောင်း အိန္ဒိယသတင်းစာ Times of India က မတ်လ ၂၉ ရက် ဒီနေ့ ဖော်ပြပါတယ်။

အသက် ၁၉ နှစ်နဲ့ ၂၂ နှစ်ကြား အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး သုံးဦးကို အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီကိုသွားမယ့် ရထားတစ်စီးပေါ်က မတ်လ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ လေးဦးဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံသား အထောက်အထားအတုတွေနဲ့ ဝင်ရောက်လာတာလို့ ဖော်ပြပါတယ်။

အဲဒီလေးဦးထဲက အမျိုးသမီး သုံးဦးဟာ ကျန်တဲ့အမျိုးသား တစ်ဦးရဲ့ လူကုန်ကူးမှုကိုခံရတာလို့ ဆိုပါတယ်။

အဲဒီအမျိုးသားဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေကို အလုပ်အကိုင်ပေးမယ်လို့ လိမ်လည်ပြီး အိန္ဒိယနိုင်ငံက ပြည်နယ်တွေကို လူကုန်ကူးလေ့ရှိတယ်လို့ ဖော်ပြပါတယ်။

ဒါကြောင့် သူ့ကို သက်ဆိုင်ရာအာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ Times of India က ဖော်ပြပါတယ်။