ရန်ကုန်မှာ ရိုဟင်ဂျာ ၇၀ ကျော် ဖမ်းဆီးခံရ

2022.02.25
ရန်ကုန်မှာ ရိုဟင်ဂျာ ၇၀ ကျော် ဖမ်းဆီးခံရ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်က ရပ်ကွက်တစ်ခုကို တွေ့ရစဥ်
Photo: RFA

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြို့နယ်၊ (၅) ရပ်ကွက် ရွှေဘိုလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ် ကနေ မွတ်စလင် ရိုဟင်ဂျာ ၇၀ ကျော်ကို ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၀ နာရီလောက်က စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေက RFA ကို ပြောပါတယ်။

သူတို့ကို အချုပ်ကားတွေနဲ့ လာရောက်ဖမ်းဆီးခဲ့တာလို့ အဲဒီအနီးနားမှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီက အင်အားအများအပြားနဲ့ လာတာ။ ထောင်ကားတစ်စီးပါလာတယ် လူကအပြည့်ပဲ။ ဘာလို့ ရိုဟင်ဂျာမှန်းသိလဲဆိုတော့ သူတို့ကို ကားထဲမှာ ထိုင်ခိုင်းတာကို နားမလည်ကြဘူး။ အဲဒါကြောင့် သိတာပါ"

သူတို့ကို လာရောက်ဖမ်းဆီးချိန်မှာ စစ်ကား နှစ်စီး၊ ရဲကား နှစ်စီး အပါအဝင် စစ်ကောင်စီ တပ် အင်အား ၆၀ ကျော်နဲ့ လမ်းအဝင်အထွက်တွေကို တစ်နာရီကျော်ပိတ်ဆို့ပြီး ဖမ်းဆီး ခဲ့တာလို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။

အဲဒီရိုဟင်ဂျာတွေဟာ ဒီရပ်ကွက်ထဲကို ဘယ်အချိန်က ဘယ်လိုရောက်နေလဲဆိုတာကို မသိရသေးဘူးလို့လည်း ပြောပါတယ်။

တောင်ဥက္ကလာမြို့နယ် ပင်းယ (၁၇) လမ်းအတွင်းမှာ ရိုဟင်ဂျာတစ်ဦး စတင်ဖမ်းဆီး ခံခဲ့ရာကနေ ကျန်တဲ့လူတွေ အားလုံးပါ ဆက်စပ်ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။

"ဒီလူတွေ ဘယ်လိုရောက်လာတာလဲ၊ ဘယ်ကိုခေါ်သွားလဲတော့ မသိဘူး။ အဖမ်းခံ ရတဲ့အချိန်က လှမ်းကြည့်တော့ အသက် ၅၀ ကျော်အရွယ်ကနေ အသက် ၁၃ နှစ်အရွယ် ကလေးတွေပါပါတာတွေ့တယ်"

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကလည်း ရွှေပြည်သာမြို့နယ်အတွင်းမှာ ရိုဟင်ဂျာမွတ်စလင် ၁၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။