သန်လျင်နဲ့ မြောက်ဒဂုံမှာ ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ

RFA Burmese
2023.01.03
သန်လျင်နဲ့ မြောက်ဒဂုံမှာ ရိုဟင်ဂျာ ၈၀ ကျော် ဖမ်းဆီးခံရ သန်လျင်မြို့တွင်း တစ်နေရာကို တွေ့ရစဉ်။
RFA

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် မြို့ဟောင်းအရှေ့ရပ်ကွက်က နေအိမ်တစ်အိမ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့ ညပိုင်းက ရိုဟင်ဂျာ ၇၇ ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ ရိုဟင်ဂျာအမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၂၅ ဦး၊ အသက်မပြည့်သေးတဲ့ ကလေးငယ်ရှစ်ဦး ပါဝင်ပြီး အားလုံးဟာ အာဟာရမပြည့်ဝတဲ့ပုံစံ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ တပ်သားတွေနဲ့ ရဲအင်အား ၅၀ နီးပါးအပြင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သတင်းအတိအကျနဲ့ ဝင်ဖမ်းခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သန်လျင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ည ၁၀ နာရီဆိုတော့ အိပ်ကုန်ပြီလေ။ မီးကလည်း ပြတ်နေတာ။ အဲဒီမှာ မီးတဝင်းဝင်းနဲ့ စစ်ကားတွေရောက်လာပြီး ဝင်ဖမ်းကြတာ။ စစ်သားတွေကလည်း သေနတ်တွေနဲ့ချိန်ထားတာ။ အကုန်ထွက်လာခဲ့ အော်ပြောတာ။ သူတို့တွေက ဗမာစကား နားလည်တဲ့ပုံတောင် မပေါက်ဘူး။ ကလေးရော၊ လူကြီးရော အစုံပဲ။ ကြောက်လည်း ကြောက်နေကြတယ်။ ကလေးတွေဆို ငိုနေကြတာ"

အဲဒီရိုဟင်ဂျာတွေဟာ ပွဲစားအဆက်အသွယ်နဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက မြို့ဟောင်းရပ်ကွက်ထဲမှာ အိမ်ငှားနေထိုင်ခဲ့ကြပေမယ့် နေ့ဘက်တွေမှာ ချက်ပြုတ် စားသောက်တာမျိုးတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

အဆက်အသွယ်လုပ်ပေးခဲ့တဲ့ ပွဲစားအမျိုးသမီးတွေကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးစစ်ဆေးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်းမှာလည်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်က တိုးကြောင်ကလေးဘူတာမှာ မော်လမြိုင်သွားဖို့ စောင့်ဆိုင်းနေတဲ့ ရိုဟင်ဂျာကိုးဦးနဲ့ ပွဲစားနှစ်ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေကို ဘယ်နေရာခေါ်ဆောင်သွားသလဲ ဆိုတာကို RFA က အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်တာတွေ ပိုများလာတဲ့အတွက် ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေရပ်စွန့်ခွာထွက်ပြေးတာ များလာနေတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက RFA ကို ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။