ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ထွက်ပြေးရတဲ့ ခုနစ်နှစ်ပြည့်အခမ်းအနား မဲဆောက်မှာ ကျင်းပ
2024.08.26
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ခုနစ်နှစ်ပြည့် အောင်းမေ့ဖွယ် အခမ်းအနားနဲ့ မှတ်တမ်းရုပ်ရှင်ပြပွဲကို ထိုင်းနိုင်ငံမဲဆောက်မြို့မှာ သြဂုတ် ၂၅ ရက်က ကျင်းပပါတယ်။
လောလောဆယ်လည်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ရိုဟင်ဂျာတွေ သေဆုံးနေရပါတယ်။
ဒါကြောင့် ဒီအမှုတွေကို AA က စုံစမ်းစစ်ဆေး ဖော်ထုတ်ဖို့လိုတယ်လို့ လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့ Synergy ဦးဆောင်သူ ကိုသက်ဆွေဝင်းက ပြောပါတယ်။
"ရိုဟင်ဂျာတွေ ပြီးခဲ့တဲ့ မတ်၊ ဧပြီ၊ မေလောက်ကနေပြီး စပြီးတော့ ဖြစ်လာခဲ့တဲ့ ပြဿနာတွေက အခုချိန်ထိ ဆက်ပြီးတော့ နောက်ထပ်တစ်ကျော့ပြန် ရိုဟင်ဂျာတွေ အသတ်ခံနေရတဲ့ ကိစ္စရှိတယ်၊ ရခိုင်မှာ ဖြစ်နေတယ်၊ AA အနေနဲ့က အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဘယ်သူတွေက ဘယ်သူကြောင့်ဖြစ်တယ်၊ ဘာကြောင့်လုပ်တယ်ဆိုတဲ့ ဟာမျိုးကို စုံစမ်းစစ်ဆေးပြီးတော့ ဒီတရားခံကို ရှာဖို့လိုလိမ့်မယ်"
အခုချိန်မှာ လူတိုင်းငြိမ်းချမ်းစွာနေချင်တာနဲ့ ကိုယ်စိတ်ချမ်းသာချင်တာ တူညီကြပြီး ဒီအခြေခံသဘောတရားကို အားလုံး စာနာ နားလည်နိုင်ဖို့ လိုအပ်ပါတယ်လို့ သံဃာ့ကွန်ရက်ဦးဆောင်ဆရာတာ် ဥူးဝါယမက မိန့်ပါတယ်။
"လူသားတွေက ဆင်းရဲကင်းချင်တဲ့ ဘုံသဘောထားတူညီတယ်၊ လူတိုင်းက ချမ်းသာရချင်တဲ့ ဘုံရရှိပိုင်ခွင့်တွေ တူညီကြတယ်၊ ဒါကြောင့်မို့လို့ အချင်းချင်း သနားကြင်နာစိတ်တွေနဲ့ အားလုံးအပေါ်မှာ ဆက်ဆံသင့်တယ်၊ ဒါကြောင့် မည်သူ့ကိုမှ ကန့်နေတာ၊ မည်သူ့ကိုမှ ကာနေတာ၊ မည်သူ့ကိုမှ ဖယ်ထားတာတွေမလုပ်ကြဘဲနဲ့ ကိုယ့်နိုင်ငံအတွင်းမှာ တူညီသောချစ်ခြင်းမေတ္တာနဲ့ တူညီသောအခွင့်အရေးတွေပေးနိုင်ကြဖို့ လိုအပ်ပါတယ်လို့ ဦးဇင်းအနေနဲ့ ပြောကြားလိုပါတယ်"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလည်း လူတိုင်းတရားမျှတမှုခံစားနိုင်အောင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေး တည်ဆောက်နိုင်ရေးဟာ အဓိကဖြစ်ပြီး ဒါကို အတူတကွဖော်ဆောင်ဖို့ အွန်လိုင်းကနေ တိုက်တွန်းပါတယ်။
အကြမ်းမဖက် အနုနည်းနဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ တရားသူကြီးဒေါ်သဉ္ဇာမြ ကလည်း
"မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဖြစ်လို့ အားလုံးစစ်ဒဏ်ခံနေရတယ်ဆိုပြီးတော့ ဒါနဲ့ရောချပေးလို့မရပါဘူး။ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကကျတော့ တမူကွဲပြားနေတယ်ပေါ့နော်၊ ပိုပြီးတော့အလေးထားသင့်တယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ရိုဟင်ဂျာတွေအပေါ်မှာ ထားတဲ့သဘောထား အချို့မပြောင်းလဲဘဲ ရှိနေသေးလို့လည်း အခုလိုပြစ်မှုတွေဆက်ရှိနေသေးတာလို့ယူဆပါတယ်။ အခုထိလည်းအရေးယူနိုင်မှု မရှိသေးဘူး။ အခုချိန်ထိကိုလည်း ဆက်လက်ပြီးတော့ ကျူးလွန်ခံနေရတာတွေ့နေရတယ်”
အသစ်တည်ဆောက်မယ့် ရခိုင်ပြည်သစ်မှာ အာဃာတတွေ၊ သွေးညှီနံ့တွေမပါဘဲ အားလုံးပျော်ရွှင်ရတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ဖို့ ဆန္ဒပြုပါတယ်လို့လည်း Synergy အဖွဲ့ ဦးဆောင်သူ ကိုသက်ဆွေဝင်းက ပြောပါတယ်။
ဒီအခမ်းအနားကို လူမှုသဟဇာတ ဖော်ဆောင်ရေး အဖွဲ့ Synergy နဲ့ ပီတိအိမ် Joy House တို့ ဦးဆောင်ကျင်းပတာဖြစ်ပြီး မဲဆောက်ရောက် မြန်မာအရေး တက်ကြွလှုပ်ရှားသူတွေ၊ NUG မိတ်ဖက်ကော်မတီတွေမှာ ပါဝင်သူတွေ၊ CDM ဝန်ထမ်းတွေ စုစုပေါင်း လူတစ်ရာနီးပါး တက်ရောက်ပါတယ်။