ရိုဟင်ဂျာဒုက္ခသည် ခုနစ်ဆယ်ကျော် အင်ဒိုနီးရှားကမ်းခြေကို ထပ်ရောက်
2025.01.29

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ကမ်းခြေကို ဇန်နဝါရီ ၂၉ ရက်နေ့က ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၇၅ ဦးထက်မနည်း ထပ်ရောက်လာပြီး အင်ဒိုနီးရှားအာဏာပိုင်တွေက အဲဒီရိုဟင်ဂျာတွေကို လှေပေါ်ကနေ မဆင်းဖို့ တားမြစ်ထားတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။
အခုနောက်ဆုံးရောက်လာတဲ့ ဒုက္ခသည်တွေထဲမှာ ရိုဟင်ဂျာ ကလေးငယ် လေးဦးအပါအဝင် ၇၅ ဦးထက်မနည်းရှိပြီး ဒေသစံတော်ချိန် မွန်လွဲ ၂ နာရီလောက်က အာချေးပြည်နယ် ကမ်းခြေကို ရောက်လာတာလို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိ Rizalihadi က ပြောပါတယ်။
သူတို့တွေကို ဒေသလုံခြုံရေးအရာရှိတွေက လှေပေါ်က မဆင်းဖို့ တားမြစ်ထားပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ ကိုယ်စားလှယ်တွေ ရောက်မလာခင်အထိ လှေပေါ်မှာပဲ ထားရှိသွားမယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ အစောပိုင်းကလည်း အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ရိုဟင်ဂျာဒုက္ခသည် ၂၆၀ ကျော် ရောက်ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ ငတ်မွတ်ခေါင်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အန္တရာယ်များတဲ့ ပင်လယ်ပြင်ခရီးကိုဖြတ်ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေကို စက်လှေတွေနဲ့ သွားနေကြတာဖြစ်ပါတယ်။
အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ များလာတာကြောင့် ဒေသခံအများစုက ကန့်ကွက်တာတွေ၊ မောင်းထုတ်တာတွေ ရှိနေပေမဲ့ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံပြီးကူညီပေးဖို့ အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းထားကြပါတယ်။
အင်ဒိုနီးရှားအစိုးရကလည်း ပြီးခဲ့တဲ့နှစ်ကစပြီး သူတို့နိုင်ငံကိုရောက်လာတဲ့ ရိုဟင်ဂျာအရေအတွက် သိသိသာသာများလာတာကြောင့် ဒီအရေးကိုကူညီဖြေရှင်းဖို့ နိုင်ငံတကာကို အကူအညီတောင်းထားပါတယ်။
၂၀၂၃ ခုနှစ် တစ်နှစ်တည်းမှာတင် အင်ဒိုနီးရှားကို ရောက်လာတဲ့ ရိုဟင်ဂျာ ၂၃ဝဝ ကျော်ရှိပြီး၊ ရိုဟင်ဂျာ အယောက် ၅၇ဝ နီးပါးက ပင်လယ်ပြင်မှာ သေကျေပျောက်ဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။