ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန် ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေနဲ့ အခြား လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေနဲ့ ဖိနှိပ်မှုတွေဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဆွေးနွေး သုံးသပ်ခဲ့ကြပါတယ်။
ဒီလူ့အခွင့်အရေးကောင်စီဆွေးနွေးပွဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ရဲ့ အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံမှာ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း ဇစ်မြစ်တွေကို ဆွေးနွေးပါတယ်။
မြန်မာရိုဟင်ဂျာအသင်း (UK) က ဦးထွန်းခင်က မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဘက်မှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ တိုးလာနေတဲ့အကြောင်း ပြောသွားပါတယ်။
“မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေဖြစ်စေတဲ့ အကြောင်းတွေ ပိုဆိုးလာပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ ကျန်နေတဲ့ ရိုဟင်ဂျာ ၆ သိန်းနီးပါးလောက်ဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်နဲ့ တခြား အခြေခံအခွင့်အရေးအားလုံး ငြင်းပယ်ခံထားရပါတယ်။ ဒီအထဲက ရိုဟင်ဂျာ တစ်သိန်း သုံးသောင်းလောက်ဟာဆိုရင် အရေးကြီးတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ရယူခွင့်ပါ ငြင်းပယ်ခံထားရပြီး၊ ရာပေါင်းများစွာသော ရိုဟင်ဂျာတွေဟာ သူတို့နေထိုင်တဲ့ အသိုက်အဝန်းပြင်ပကို ခရီးသွားလာခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဖမ်းဆီး အရေးယူခံနေရပါတယ်။ ရိုဟင်ဂျာတွေဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေကနေ လွတ်မြောက်ဖို့ အသက်အန္တရာယ်ရှိတဲ့ကြားက ပင်လယ်ထဲကနေ ထွက်ပြေးဖို့ လုပ်နေရပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်ကို ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တာအတွက် အပြစ်ပေးအရေးယူနိုင်ခြင်း မရှိတာဟာ လက်ရှိ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။”
မြန်မာနိုင်ငံက အခြေအနေတွေဟာ ရိုဟင်ဂျာတွေအတွက် ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်နိုင်တဲ့ အခြေအနေ မရှိသေးတဲ့ကြောင်းနဲ့ အခုအချိန်မှာ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံဘက်ကို ပြန်ပို့ဖို့ စီစဉ်နေတာဟာ စိုးရိမ်ပူပန်စရာဖြစ်တယ်လို့ ဦးထွန်းခင်က ပြောသွားပါတယ်။
ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ မဝေဝေနုကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ရခိုင်ပြည်နယ်မှာ ကျန်နေသေးတဲ့ ရိုဟင်ဂျာတွေအပေါ်မှာ ပိုပြီး တင်းကျပ်လာတယ်လို့ ပြောပါတယ်။
“ဒီနေ့ ရခိုင်ပြည်နယ်မှာ ကျန်နေတဲ့ ရိုဟင်ဂျာ ခြောက်သိန်းလောက်ဟာ လူမျိုးရေးခွဲခြားထားတဲ့ အခြေအနေအောက်မှာ နေကြရပါတယ်။ ဒီအထဲက တစ်သိန်းလေးသောင်းလောက်ဟာ နေအိမ်ကနေ မောင်းထုတ်ခံရပြီး၊ IDP စခန်းတွေမှာ နေထိုင်ကြရတာပါ။ အဲဒီအထဲမှာ အခြေခံ လိုအပ်ချက်တွေနဲ့ ဝင်ငွေရမယ့် အလုပ်အကိုင်တွေ မရှိဘဲ နေနေကြရတာပါ။ မြန်မာ စစ်တပ်က အာဏာ သိမ်းလိုက်ပြီးကတည်းက ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုကို ချေမှုန်းဖို့ ကြိုးစားတဲ့ မူဝါဒတွေကို ပိုပြီး ပြင်းပြင်းထန်ထန် ကျင့်သုံးလာခဲ့ပါတယ်။ အမျိုးသမီး အခွင့်အရေးအဖွဲ့တွေရဲ့ သတင်းပေးပို့ချက်အရ အခုနောက်ပိုင်း စစ်ခေါင်းဆောင်တွေဟာ ရိုဟင်ဂျာတွေကို တင်းကျပ်တွေ ပိုလုပ်လာခဲ့ပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာနဲ့ ပြင်ပကို ခရီးသွားဖို့ ခွင့်ပြုချက်ရမှ သွားခွင့်ပြုပါတယ်။ စစ်ခေါင်းဆောင်တွေဟာ ရိုဟင်ဂျာတွေရဲ့ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေ အပါအဝင် နေ့စဉ် လုပ်ငန်းဆောင်တာတွေအတွက် ခရီးသွားဖို့ဆိုရင် ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် မသတ်မှတ်ရုံမက ဘင်္ဂါလီအဖြစ် တံဆိပ်ကပ်ထားတဲ့ NVC ကတ်တွေကို သုံးစွဲရမယ်လို့လည်း သတ်မှတ်ထားပါတယ်။ ဒီလိုလူမျိုးဖျောက်ဖျက်ရာရောက်တဲ့ ကတ်တွေမရှိသေးတဲ့ သူတွေကိုလည်း ထောက်ခံသူ ၆ ယောက်အထိ ပြခိုင်းပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ကျမရဲ့ ဆွေမျိုးတွေက သူတို့ရဲ့ အခြေအနေဟာ အမိုးမရှိတဲ့ အကျဉ်းထောင်ထဲမှာ နေရသလိုပဲလို့ ကျမကို ပြောပါတယ်။”
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာ တစ်သန်းလောက်ဟာလည်း ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်ကြရပြီး၊ မြန်မာစစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံခဲ့ရသူတွေ အပါအဝင် အမျိုးသမီးတွေနဲ့ LGBTQ တွေဟာ ဒီစခန်းတွေထဲမှာ မတရားကျင့်ခံရခြင်း၊ အမြတ်ထုတ်ခံရခြင်းနဲ့ လူကုန်ကူးခံရတာတွေ ဖြစ်ဖို့ ဖြစ်နိုင်ခြေများနေတယ်လို့လည်း သူက ပြောပါတယ်။
Public Legal Aid Network အဖွဲ့က မသဉ္ဇာဦးက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်စေတဲ့ အကြောင်းရင်းတွေအကြောင်း လေ့လာတွေ့ရှိချက်တွေကို တင်ပြခဲ့ပြီး၊ မြန်မာပြည်သူတွေဘက်က ရိုဟင်ဂျာတွေနဲ့ပတ်သက်ရင် အရှိတရားကို လက်ခံဖို့ လိုတဲ့အကြောင်း ပြောသွားပါတယ်။
“ရှေ့ဆက်ပြီးတော့ မြန်မာပြည်သူတွေအနေနဲ့လည်း အတွေးအခေါ် အယူအဆတွေကို ပြောင်းလဲဖို့ လိုပါတယ်။ တချိန်တည်းမှာ သတင်းအချက်အလက် အမှားတွေနဲ့ အစိုးရရဲ့ ဝါဒဖြန့်ချိမှုတွေကို လက်မခံဘဲ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အမှန်တွေကို လက်ခံဖို့ လိုပါတယ်။ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာဖို့ဆိုရင်၊ တန်းတူညီမျှမှု၊ မျှတတဲ့ တရားစီရင်ရေး၊ လွတ်လပ်ခွင့်နဲ့ အားလုံး ပါဝင်မှုတွေ လိုပါတယ်။ ဒါ့အပြင် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်မှုတွေလည်း လိုပါတယ်။ ဒါတွေ အားလုံးအပြင်၊ မြန်မာစစ်တပ်ရဲ့ အစွန်းရောက်တဲ့ အယူအဆတွေ၊ အခြား တိုင်းရင်းသားလူနည်းစုတွေထက် သာတယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ အစွန်းရောက် မျိုးချစ်ဝါဒတွေကို အားလုံးကို စွန့်လွှတ်ဖို့ လိုပါတယ်။”
ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) နဲ့ အခြားခုံရုံးတွေမှာ ရုံးတင်စစ်ဆေးပြီး အပြစ်ပေးနိုင်မှသာ၊ အခုလက်ရှိ ရိုဟင်ဂျာတွေနဲ့ အခြား အရပ်သားပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေ ရပ်တန့်သွားမှာ ဖြစ်တဲ့အတွက်၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အာဂျင်တီးနားနိုင်ငံကို အတုယူပြီး မြန်မာစစ်ခေါင်းဆောင်တွေကို Universal Jurisdiction သဘောတရားအရ အရေးယူဆောင်ရွက်ကြဖို့ ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တင်သွင်းထားတဲ့ အမှုကိုလား ပူးပေါင်းပါဝင်ကြဖို့ ဦးထွန်းခင် က တိုက်တွန်းသွားပါတယ်။