ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို လူသားဒိုင်းအဖြစ်သုံးပြီး လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ရည်ရွယ်ချက်ရှိရှိဖန်တီးလာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်း စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ရိုဟင်ဂျာတွေကို အတင်းအဓ္ဓမစစ်သားစုဆောင်းနေပြီး တိုက်ပွဲတွေမှာ လူမျိုးစုတွေအကြား ယုံကြည်မှုပျက်ပြားအောင်လုပ်ဖို့ ရည်ရွယ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
NUG အစိုးရ လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးက "ပြေးလမ်းမရှိလို့ စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းတဲ့အထဲ အဖမ်းခံလိုက်ရတဲ့ ရိုဟင်ဂျာတွေ ရှိနေတယ်။ နောက်လည်း ရှိလာနိုင်တယ်။ စစ်ကောင်စီက လူမျိုးအုပ်စုတွေကြား မယုံကြည်မှုတွေဖြစ်ပြီး အချင်းချင်း ပဋိပက္ခဖြစ်မှ သူအဆင်ပြေမှာ၊ ဖြစ်အောင်ကိုလုပ်မှာ။ ဒါကြောင့် အမြော်အမြင်ကြီးကြီးနဲ့ တုန့်ပြန်ပါလို့ သတင်းစကားပါးချင်ပါတယ်" လို့ပြောပါတယ်။
လက်ရှိမှာတင် စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေဟာ ရခိုင်ပြည်နယ်ဒေသတချို့မှာ လူနည်းစုဘာသာဝင်တွေရဲ့ ဘာသာရေးကျောင်းဆောင်နဲ့ လူနေအဆောက်အအုံတွေကို ဖျက်ဆီးကြဖို့ လှုံဆော်တာတွေရှိနေတာကြောင့် သတိထားကြဖို့လည်း NUG ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ တရားမဝင်ကြောင်း NUG ကထုတ်ပြန်ထားပြီး အဓမ္မစစ်သားစုဆောင်းတာကို ကူညီပေးတဲ့သူတွေကိုလည်း အရေးယူမယ်လို့ ပြောထားပါတယ်။
ရိုဟင်ဂျာတွေကို စစ်ပွဲတွေမှာ အသုံးချပြီး လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ စစ်ကောင်စီဘက်ကဖန်တီးလာတယ်ဆိုတာနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ RFA က ဒီနေ့ညပိုင်းမှာ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။