မူလနေရပ်ဖြစ်တဲ့ မြန်မာနိုင်ငံကို အမြန်ပြန်ပို့ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ကော့ဇက်ဘဇားက ဒုက္ခသည်စခန်းတွေမှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ခေါ်ရေးကိစ္စကို မြန်မာဘက်က အမြန်ဆောင်ရွက်ပေးဖို့၊ မြန်မာနိုင်ငံဘက် ပြန်ရောက်ရင်လည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးဖို့၊ လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ် သွားလာနေထိုင်ခွင့်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုပါတယ်။
ဆန္ဒပြဦးဆောင်သူတစ်ဦးက ရိုဟင်ဂျာတွေဟာ မူလနေခဲ့တဲ့နေရာတွေကို ပြန်ဖို့ အသင့်ဖြစ်နေပြီ၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ သူတို့ကို အမြန်ဆုံး အိမ်ပြန်ပို့ပေးကြပါလို့ ပြောပါတယ်။

တကယ်လို့ နေရပ်ပြန်ပို့ရေးကိစ္စမှာ နိုင်ငံတကာက မကူညီနိုင်ဘူးဆိုရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် နေရပ်ပြန်ဖို့ လုပ်ရမယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းပြီး အဲဒီစခန်းက သူတွေကိုလည်း မူလနေထိုင်တဲ့ နေရာတွေကို ပြန်ပို့ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၁.၂ သန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာခဲ့ရပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်လာရေးကိစ္စကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေကြပေမယ့် ကိုဗစ်ကပ်ရောဂါဒဏ်နဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာဘက်က ပြန်လည်လက်ခံရေးမှာ ကြန့်ကြာနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာတွေ ပိုဖိနှိပ်ခံနေရတယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစလို့ ယခုနှစ် ဇွန်လဆန်းအထိ နိုင်ငံရပ်ခြားသွားဖို့ ကြိုးစားတဲ့ မွတ်စလင် ၆၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။
မွတ်စလင်တွေဟာ မလေးရှားနိုင်ငံကို ရေလမ်း၊ ကုန်းလမ်းတွေကနေ တရားမဝင် သွားရောက်ဖို့ ကြိုးစားရင်း ရခိုင်ပင်လယ်ပြင်၊ အမ်းမြို့နယ်စစ်ဆေးရေးဂိတ်၊ ရန်ကုန်၊ ဧရာဝတီတိုင်း စတဲ့နေရာတွေမှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။