ရိုဟင်ဂျာကိစ္စ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်ပေးဖို့ အမေရိကန်ကို တိုက်တွန်း

2021-08-20
Share
ရိုဟင်ဂျာကိစ္စ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်ပေးဖို့ အမေရိကန်ကို တိုက်တွန်း ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။
File Photo: AFP

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ရာရောက်တဲ့ တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ရိုဟင်ဂျာ ရှစ်သိန်းလောက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ အဖြစ်အပျက်ဟာ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ လေးနှစ်ပြည့်မှာဖြစ်ပေမယ့် အမေရိကန်နိုင်ငံက ဒီတိုက်ခိုက်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်တာ မရှိသေးဘူးလို့ Refugee International အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။


ဒီတိုက်ခိုက်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှု Genocide အဖြစ် တရားဝင်သတ်မှတ်ခေါ်ဝေါ်ဖို့ Refugee International အဖွဲ့က အမေရိကန်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနဟာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ အမြောက်အမြားရထားတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု Genocide အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ မနှောင့်နှေးသင့်တော့ဘူးလို့ Refugee International က ဒန်နီယယ် ဆော်လဗန်က မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။


Refugee International အဖွဲ့က ဦးဆောင်ပြီး ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်ပေးဖို့ အဖွဲ့အစည်း ၉၅ ခု စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ ပေးစာတစ်စောင်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဆီကို ပေးပို့ပြီး တောင်းဆိုထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့