ဓာတ်ပုံသတင်းထောက် စစ်ကြောရေးမှာသေဆုံးမှု စုံစမ်းစစ်ဆေးပေးဖို့ RSF တောင်းဆို

2022.08.12
ဓာတ်ပုံသတင်းထောက် စစ်ကြောရေးမှာသေဆုံးမှု စုံစမ်းစစ်ဆေးပေးဖို့ RSF တောင်းဆို စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့မှ ဟေမာန်ဓာတ်ပုံရိုက်ကူးရေးဆိုင်ဖွင့်ထားသူ ဦးအေးကျော်ကို တွေ့ရစဉ်
Photo: Hay Marn

စစ်ကိုင်းမြို့က ဓာတ်ပုံသတင်းထောက် ကိုအေးကျော်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရပြီးတဲ့နောက် သံသယဖြစ်စရာအခြေအနေတွေနဲ့ သေဆုံးခဲ့တဲ့အမှုအတွက် ကုလသမဂ္ဂကနေ စုံစမ်းစစ်ဆေးဖို့ နယ်စည်းမခြား သတင်းထာက်များအဖွဲ့ RSF က မနေ့က ကြေငြာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်း ဆန့်ကျင်ရေးလှုပ်ရှားမှု တော်တော်များများကို သတင်းယူခဲ့တဲ့ ဓာတ်ပုံ သတင်းထောက် ကိုအေးကျော်ကို ဇူလိုင်က ၃၀ ရက်နေ့ မနက် ၂ နာရီလောက်မှာ စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခဲ့တာပါ။ သူနေထိုင်တဲ့ အိမ်တံခါးကို ချိုးဖျက် ဝင်ရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ အဲဒီနောက် နာရီအနည်းငယ်အကြာမှာပဲ စစ်ကိုင်းမြို့ အောင်ချမ်းသာရပ်ကွက်က အုပ်ချုပ်ရေးမှူးတစ်ဦးက ကိုအေးကျော်ရဲ့ မိသားစုဝင်တစ်ဦးကို ဆက်သွယ်လာပြီး၊ ကိုအေးကျော် သေဆုံးကြောင်းနဲ့ အလောင်းကို စစ်ကိုင်းမြို့ ဆေးရုံမှာ လာရောက်ထုတ်ယူဖို့ အကြောင်းကြားခဲ့တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။

အခုလို သတင်းသမားတစ်ဦးကို စစ်ကောင်စီ အာဏာပိုင်တွေ ထိန်းသိမ်းထားစဉ်အတွင်း အသက်သေဆုံးမှုဟာ လေးကြိမ်မြောက်ဖြစ်ပြီး၊ ကိုအေးကျော် ကွယ်လွန်ပြီး နှစ်ပတ်ကျော် ကြာလာတဲ့အထိ သေဆုံးရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အကြောင်း၊ ဒီအကြောင်းကို မြန်မာစစ်တပ်ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေလောက်ပဲ တိတိ ကျကျ ရှင်းပြနိုင်မှာဖြစ်ပေမယ့်၊ အခုအချိန်အထိ ရှင်းလင်းပြောကြားတာ မရှိသေးတဲ့ အကြောင်း RSF အဖွဲ့က ဒန်နီယယ် ဘတ်စတတ်က ပြောပါတယ်။

ဓာတ်ပုံ သတင်းသမား ကိုအေးကျော် သေဆုံးမှုအတွက် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တာဝန်ခံခိုင်းပြီး စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး၊ နှိပ်စက် ညှဉ်းပန်းမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဲလစ်စ် အက်ဒွက်တို့ကို RSF အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။