ချင်းတွင်းမြစ်ရေမြင့်တက်တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်းနဲ့ မော်လိုက်မြို့တွေမှာ လူဦးရေ ၁၆ဝဝ ကျော်ကို ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ပေးထားရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။
ဟုမ္မလင်းမြို့က အိမ်ခြေ ၂ဝ ကျော်ကတော့ ချင်းတွင်းမြစ်ကမ်းပါး ပြိုကျမယ့် အန္တရာယ်ကြောင့် အိမ်တွေကို ပါဖျက်ပြီး ပြောင်းရွှေ့ထားရတာလို့လည်း ညွန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။
"အိမ်တွေကို ရေဝင်တာပေါ့လေ။ ရေဝင်တော့ ရွှေ့တာပေါ့။ ဟုမ္မလင်းအိမ် ၂၁ အိမ်ကတော့ အိမ်ကိုဖျက်ပြီး ရွှေ့ရတာပေါ့။ အိမ်က ကမ်းပြိုရေတိုက်စားပြီးတော့ ပါသွားနိုင်တဲ့အတွက်ကြောင့် မြေနုကျွန်းမှာ ဆောက် ထားကြတဲ့အတွက်ကြောင့် ပါသွားနိုင်တဲ့အတွက်ကြောင့် ၂၁ အိမ်တော့ ဖျက်ပြီးရွှေ့ရတာပေါ့လေ"
ချင်းတွင်းမြစ်ရေဟာ ဇူလိုင် ၃ ရက်နေ့လောက်ကစပြီး မြင့်တက်လာတာကြောင့် ခန္တီးမြို့က အိမ်ခြေ ၃ဝဝ လောက်၊ ဟုမ္မလင်းမှာ အိမ်ခြေ ၃ဝ လောက်နဲ့ မောလိုက်မြို့မှာ အိမ်ခြေ ၂ဝ ကျော် ပြောင်းရွှေ့နေရတာဖြစ်ပါတယ်။
အဲဒီမြို့နယ် ၃ ခုက စာသင်ကျောင်းတွေထဲကို ရေဝင်တဲ့အတွက် ကျောင်းတွေကိုလည်း ပိတ်ထားရတယ်လို့ ပြော ပါတယ်။
ရေဘေးကြောင့် ပြောင်းရွှေ့ကြရသူတွေကို လူမှုဝန်ထမ်းအပါအဝင် တပ်မတော်၊ မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက် လူမှုအဖွဲ့တွေကလည်း ကူညီပေးနေတယ်လို့ သိရပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့တွေမှာ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်နေပြီး ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာမြို့တွေမှာလည်း စိုးရိမ်ရေမှတ်ကို ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
