စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အောင်ချမ်းသာရွာကို စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ကောလင်းက စစ်အာဏာဆန့်ကျင်ရေးအဖွဲ့(Kawlin Revolution)ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက RFA ကိုပြောပါတယ်။
အောင်ချမ်းသာ၊ သစ်ဆိမ့်ကုန်း၊ ရွာသစ် ၊ ပေတစ်ပင်၊ကြာအင်း စတဲ့ရွာတွေက လူဦးရေ တစ်ထောင်ကျော် ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
"မနေ့ကတည်းက ရှို့တာ။ ကျေးရွာ တစ်ဝက်လောက် လောင်ပြီးပြီ။ အခုလည်း ထပ်ရှို့နေတုန်းပဲ၊ မီးရှို့ခံရတာက အောင်ချမ်းသာရွာပဲ။အခုညနေ ၃ နာရီကျော်ကလည်း Mi 35 သုံးစီးနဲ့ သစ်ဆိမ့်ကုန်းရွာနဲ့ အနီးတဝိုက်ကို လာပစ်သွားတာ။ ပြည်သူတွေ ထိတာရှိလား မရှိလားတော့ သေချာမသိသေးဘူး" လို့ အဲဒီ ပြန်ကြားရေးတာဝန်ရှိသူက RFA ကို ဒီကနေ့ညပိုင်းမှာ ပြောပါတယ်။
ကန့်ဘလူနဲ့ ကောလင်း မြို့နယ် အစပ်မှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဩဂုတ်လ ၂၃ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အဲဒီဒေသမှာ စစ်တပ်ဘက်က စစ်ကူတွေ တိုးချလာနေတာလို့ ဆိုပါတယ်။
အဲဒီ သြဂုတ်လ ၂၃ ရက်နေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က အယောက် ၄၀ ကျော် သေဆုံးပြီး ၊ သုံးပွင့်ဗိုလ်ကြီး နှစ်ဦးနဲ့ တစ်ပွင့်ဗိုလ်တစ်ဦးကို ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတော်တော်များများလည်း ဖမ်းမိခဲ့တယ်လို့ ကန့်ဘလူခရိုင်တပ်ရင်း (၂) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ရောင်နီက ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်ခဲ့တာကြောင့် ကောလင်းမြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာက ကလေးငယ်တစ်ဦးနဲ့ ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးအပါအဝင် အရပ်သားလေးယောက် သေဆုံးခဲ့ရပြီး၊ တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
NLD စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ကန့်ဘလူမြို့နဲ့ ကောလင်းမြို့နယ်မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ တစ်သောင်းခွဲနဲ့ နှစ်သောင်းကြားမှာရှိတယ်လို့ ဩဂုတ်လ ၂၄ ရက်နေ့က RFA ကိုပြောထားပါတယ်။
အရင်ကတည်းက အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ကောလင်း၊ ကန့်ဘလူဘက်မှာ ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်နေ့က ကတည်းက ဖုန်းလိုင်းတွေပါ ဖြတ်တောက်ခံထားရတာဖြစ်ပါတယ်။