မုန်တိုင်ပင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဘယ်လိုဖြစ်ခဲ့သလဲ

ခင်မောင်စိုး၊ နေရိန်ကျော်
2022.06.22
monastery_01 စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားများအား လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားခဲ့သည့် ဘုန်းတော်ကြီးကျောင်းဝင်းထဲမှ သစ်သားကျောင်းဆောင်ကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ရိုက်ကူးထားသည့်ပုံ။
Photo: RFA

"သုံးနာရီခွဲလောက်။ အဲဒီကျတော့ သူတို့က ဘယ်လိုပြောလဲဆိုတော့… အချိန်ကျပြီ၊ တုတ်လိုက်တော့လို့ ခိုင်းတော့တာခင်ဗျ။ တုတ်လိုက်တော့ဆိုတော့ သူတို့က မျက်နှာစည်းတဲ့လူက စည်းပေါ့ခင်ဗျာ

ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ စစ်ကောင်စီ တပ်သားတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ လွတ်မြောက်ခဲ့တဲ့ ရွာသားတစ်ယောက်က ပြန်ပြောပြနေတာပါ။

စစ်ကောင်စီတပ်သားတွေက စစ်ကိုင်းတိုင်းမှာ လူတွေသတ်ထားတဲ့အကြောင်း​ ဝိုင်းဖွဲ့ပြောဆိုနေကြတဲ့​ ဗီဒီယိုဖိုင်တစ်ခုနဲ့ သူတို့ကိုယ်တိုင်ရိုက်ထားတဲ့ဓာတ်ပုံတွေကို RFA ဝါရှင်တန်ရုံးချုပ်က ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာ ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်ဆက်လက်စုံစမ်းတဲ့အခါ၊ လူ ၃၀ ကျော်ကိုလက်နောက်ပြန်ကြိုးတုပ်ပြီး ဖမ်းထားတဲ့နေရာဟာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာဘုန်းကြီးကျောင်းဝင်းထဲက ဇရပ် ဖြစ်တယ်ဆိုတာကို အတိအကျသိခဲ့ရသလို၊ အသတ်ခံရသူတွေရဲ့ အမည်စာရင်းတွေကိုပါ ရရှိခဲ့ပြီး၊ အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ မုန်တိုင်ပင်ရွာသား တချို့နဲ့လည်း ဆက်သွယ် မေးမြန်းခွင့်ရခဲ့ပါတယ်။

မေလ ၁ဝ ရက်နေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်သား ၁၅၀ ကျော်ဟာ ရွာပြင်ကနေ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ရာမှာ ရွာသားအများစုက ရရာကားတွေ ဆိုင်ကယ်တွေနဲ့ ထွက်ပြေး သွားကြပါတယ်။ ထွက်မပြေးနိုင်သူ တချို့ကတော့ ရွာဘုန်းတော်ကြီးကျောင်းကို သွားရောက်ခိုလှုံခဲ့ကြပါတယ်။ ရွာအဝင်မှာ စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ရွာထိပ်မှာရှိနေတဲ့ PDF လူငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖမ်းဆီးခံရသူတွေကတော့ အရပ်သားတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေဟာ ရွာအရှေ့ဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းထဲကို ဝင်ပေါက်သုံးခုကနေ ဝင်ရောက်လာကြတယ်လို့  အဲဒီအချိန်က ကျောင်းဝင်းထဲမှာ ခိုလှုံနေတဲ့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“၉ နာရီလောက်ကျတော့ သူတို့ရောက်လာတယ်။ အုန်း…ဒိုင်း…နဲ့ သေနတ်တွေဖောက်ပြီးတော့ ဝင်လာတယ်။ အနောက်ပေါက်ကရော၊ အရှေ့ကရော၊ မြောက်ကရော ခင်ဗျ။ သူတို့က ကျောင်း (ဘုန်းကြီးကျောင်း) အောက်က ရှိတဲ့လူတွေကို ဦးပဇင်းပေါက်စကို ထုတ်ခိုင်းတယ်ခင်ဗျ။ ကျောင်းအောက်ကလူတွေ ပရိသတ်အကုန် ထုတ်ပေးဆိုတော့ ဦးပဇင်းက ထုတ်ပေးလိုက်တဲ့အခါကျတော့ ကျောင်းရှေ့မှာ တန်းပြီးတော့ ထိုင်ခိုင်းတာ၊ ယောကျ်ားသီးသန့် မိန်းမသီးသန့် ခွဲပြီးတော့။ ခဏနေတော့ ယောကျ်ားတွေကို အရှေ့ဘုရားတိုက်ကြီးအောက်ကို ခေါ်သွားတယ်ခင်ဗျ။ ဒူးတုတ်ထိုင်ခိုင်းပြီးတော့ မိန်းမတွေကို တခါ ပြန်ခေါ်တယ်။ မိန်းမတွေက ငိုလားရယ်လားလုပ်တော့ မိန်းမတွေကို တော်တော်လေးကြာတော့ ပြောဆိုပြီးတော့ ကျောင်းကြီးအောက်ကို ပြန်သွင်းပြီးတော့ သော့ခတ်ထားခဲ့တယ်"

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားများအား လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားခဲ့သည့် ဘုန်းတော်ကြီးကျောင်းဝင်းထဲမှ သစ်သားကျောင်းဆောင်ကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ရိုက်ကူးထားသည့်ပုံ။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားများအား လက်ပြန်ကြိုးတုပ်ပြီး ဖမ်းဆီးထားခဲ့သည့် ဘုန်းတော်ကြီးကျောင်းဝင်းထဲမှ သစ်သားကျောင်းဆောင်ကို ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ရိုက်ကူးထားသည့်ပုံ။

အဲဒီရွာသားရဲ့ပြောပြချက်တွေဟာ အရာတော်ဒေသခံတွေ ကောက်ရခဲ့တဲ့ စစ်သားရဲ့လက်ကိုင်ဖုန်းမှာ တွေ့ရသလို ရွာသား ၃၀ ကျော်ကို အင်္ကျီတွေ၊ နဖားကြိုးတွေနဲ့ လက်ပြန်ကြိုးတုပ် ဖမ်းဆီးထားတဲ့ ပုံတွေထဲက အချက်အလက်တချို့နဲ့ တူညီနေပါတယ်။

"အဲဒီကနေ ရွာ့တောင်ပိုင်းကိုပတ်ပြီး အိမ်ကြိုအိမ်ကြားကနေ ခေါ်သွားပြီးတော့ စာသင်ကျောင်းကို ထွက်လိုက်တယ်။ စာသင်ကျောင်းကျမှ ကြိုးတုပ်တာခင်ဗျ။ အင်္ကျီတွေချွတ်ခိုင်းပြီးတော့ (အင်္ကျီတွေကို ကြိုးအဖြစ်သုံးပြီး) ကြိုးတွေတုပ်သွားတာ။ နောက်ကျတော့ ကြိုးတွေရောက်လာတော့ နဖားကြိုးတွေနဲ့ တုပ်တယ်ခင်ဗျ၊ ဈေးဆိုင်က နဖားကြိုးတွေနဲ့။ နောက်ပြန်ကြိုးတုပ်ပြီးတော့ ရှိသမျှ ပါသမျှ ပိုက်ဆံတွေဘာတွေ အကုန်ဆွဲ လုယူတယ်။ ပိုက်ဆံပါတယ်၊ တယောက်ကတော့ ဆွဲကြိုးလေး ပါသွားတယ်ခင်ဗျ။ ရွှေပါရင်လည်း ရွှေယူတယ်။ အဲဒီ အထက်တန်းကျောင်းကနေပြီးတော့ ကြိုးတုပ်ပြီးတော့တခါ ငါးယောက်တစ်တွဲ ဘုန်းတော်ကြီးကျောင်းကို ပြန်ခေါ်သွားတယ်။ အဲဒီတော့ ၁၀ နာရီခွဲ ၁၁ လောက်ရှိမယ်။ ဘုန်းကြီးကျောင်း အနောက်မုဒ်ပေါက် ဇရပ်ကြီးရှိတယ်၊ အောက်က အကာမရှိဘူး အပေါ်ကတော့ အကာရှိတယ်”

"စစ်တယ်။ ကြိုးတုပ်ပြီးတော့ ရိုက်ရိုက်ပြီးတော့ အင်္ကျီတုံးလုံးချွတ်ပြီးတော့ ရိုက်တယ်နှိပ်စက်တယ်။ နဖားကြိုးငါးပင်နဲ့ ပူးရိုက်တာ။ ဓားတွေနဲ့ထိုးတဲ့လူ ထိုးပေါ့။ 'ဒီရွာက PDF တွေ ဘယ်လောက် မွေးထားတာလဲ'…တို့၊ 'သေနတ်တွေ ဘယ်နှလက်ရှိတာလဲ' တို့။ အဲဒါကိုမဖြေနိုင်လို့  ရိုက်နှက်စစ်ပြီးတော့ ဓားတွေနဲ့ထိုးတာပဲ။ တချို့က ဗိုက်ကိုထိုးတာ။ သေ‌အောင်တော့ မထိုးသေးဘူး၊ ခြိမ်းခြောက်ရင်းနဲ့ထိုးတာ။ သေနတ်တွေနဲ့ရိုက်တယ်၊ ပါးတွေ ဘယ်ပြန်ညာပြန်ချတယ်၊ ကန်တယ်။ ခေါင်းကတော့ မထောင်လေနဲ့၊ ခေါင်းထောင်လို့ကတော့ ပါးရိုက်ပြီး နောက်ကနေကန်ထုတ်တာ"

၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ခဲ့ပြီးနောက် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့်အလောင်းများနှင့်အတူ တွေ့ရသည့် နဖားကြိုးအပိုင်းအစများ။
၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ခဲ့ပြီးနောက် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့်အလောင်းများနှင့်အတူ တွေ့ရသည့် နဖားကြိုးအပိုင်းအစများ။

အဲဒီနေ့ ညနေ ၅ နာရီလောက်အထိ သူတို့ကို ဇရပ်ထဲမှာ ရိုက်နှက်စစ်ဆေးပြီးနောက် ဘုန်းကြီးကျောင်းဝင်းအရှေ့ဘက်အခြမ်းမှာရှိတဲ့ ရိပ်သာဆောင်က အခန်းတစ်ခန်းထဲမှာ ထည့်ပြီး သော့ခတ်ထားလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီအခန်းထဲမှာ သောက်သုံးရေနဲ့ အညစ်အကြေးစွန့်စရာနေရာ မရှိသလို သူတို့ကို ဖမ်းဆီးထားစဉ်ကာလ တလျှောက်လုံးမှာလည်း အစားအစာလုံးဝ မကျွေးဘူးလို့ ဆိုပါတယ်။ နောက်တနေ့ မေလ ၁၁ ရက်နေ့မှာတော့ လူသတ်ပွဲစတင်ပါတယ်။

"၁၁ ရက်နေ့ မနက်ခင်းကျတော့ ၆ နာရီလောက်ကျတော့ လူငယ် ၁၀ ယောက် ဆွဲထုတ်သွားတယ်။ ကြိုးတုပ်ပြီးတော့ မျက်နှာတွေဘာတွေ စည်းပြီးတော့၊ ရွာထဲ လှည့်ခေါ်သွားပြီးတော့ ပစ္စည်းတွေဘာတွေ ထမ်းခိုင်းပြီးတော့၊ ရွာ့အရှေ့ဘက်က မူးမြစ်ကြီးရှိတယ်ခင်ဗျ။ အဲဒီမူးမြစ်ထဲ သယ်ပိုးခိုင်းပြီးတော့ နောက်ဆုံးခေါက်ကျတော့ မီးရှို့သတ်လိုက်တာ၊ မသေမရှင် ခုတ်သတ်ပြီးတော့။ သွေးပုံတွေက ပေါက်ပြားတွေနဲ့ ယက်ဖုံးထားတယ်”

နေ့လယ်ပိုင်းမှာတော့ ကျန်ရှိသူတွေကို သတ်ဖြတ်ဖို့ စစ်ကောင်စီတပ်ဖွဲ့က စတင်လုပ်ဆောင်ပါတယ်။

"၂ နာရီခွဲလောက်ကျတော့ ကျနော်တို့ကို ဆွဲထုတ်တယ်။ စေတီအကြီးကြီးခင်ဗျ။ ဇေယျသိဒ္ဓိ လို့ အမည်ပေးထားတယ်။ နှစ်ယောက်တစ်တွဲ တွဲပြီးတော့ ဘုရားကြီးအရှေ့ကို တန်းစီပြီးထိုင်ခိုင်းတယ်ခင်ဗျာ။ ဘေးက လက်ဝဲလက်ယာ ရပ်နေတဲ့လူတွေက အဲဒီမှာ ကျနော့်အမြင်ကတော့ ကြွနေကြတာခင်ဗျ။ သူတို့က 'ဆရာလုပ်လိုက်ရတော့မလား'၊ 'ဆရာလုပ်လိုက်ရတော့မလား'၊ တုတ်လိုက်ရတော့မလား၊ 'အချိန်ကျပြီလား' နဲ့ အဲဒီလိုတွေ မေးနေတာ"

"ကျနော်တို့က အဲဒီတော့ ဟာ… သွားပြီ မရတော့ဘူး၊ သတ်တော့မှာ နေမှာပဲလို့။ ကျနော်တို့ကတော့ အဲဒီလို တွေးမြင်လိုက်တော့ အဲဒီကဘုရားတွေကန်တော့ပြီး နေလိုက်တာပေါ့ ခင်ဗျာ။ နေလိုက်တော့ လေးခါမြောက်ကျတော့ ဆရာက 'အချိန်ကျပြီ၊ ကဲ တုတ်တော့' လို့ အဲလို ခိုင်းလိုက်တာခင်ဗျ"

RFA က လက်ခံရရှိခဲ့သည့် ဓာတ်ပုံများထဲမှ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်စွဲပါ ဓာတ်ပုံတွင် နောက်ပြန်ကြိုးတုပ်လျက် သတ်ဖြတ်ခံထားရသည့်  စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားတချို့၏ ရုပ်အလောင်းများကို တွေ့ရစဉ်။
RFA က လက်ခံရရှိခဲ့သည့် ဓာတ်ပုံများထဲမှ ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်စွဲပါ ဓာတ်ပုံတွင် နောက်ပြန်ကြိုးတုပ်လျက် သတ်ဖြတ်ခံထားရသည့် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားတချို့၏ ရုပ်အလောင်းများကို တွေ့ရစဉ်။

"ဆရာဖြစ်တဲ့လူက အဆောင်လေးထဲမှာ ထိုင်နေတာခင်ဗျ၊ ကုလားထိုင်နဲ့။ 'ဆရာ ကျနော်တို့ တုတ်လိုက်ရတော့မလား' ဆိုပြီး ပုဆိုးဆွဲဆုတ်တဲ့သူနဲ့။ မျက်နှာစည်းအောက် ပုဆိုးတွေဆွဲဆုတ်ပြီးတော့ ကိုင်ထားတာခင်ဗျ။ ကြိုးတွေနဲ့။ သူတို့က အရန်သင့်ပဲခင်ဗျ။ တမြှောက်မြှောက်တကြွကြွနဲ့ နေတာ။ လူတွေ ပေါ့မှပေါ့၊ လုပ်ချင်လှချည့် လုပ်ချင်လှချည်နဲ့ နေတော့တာခင်ဗျ။ စိတ်ကြွဆေးတွေ ထိုးထားခင်ဗျ။ စိတ်ကြွဆေးဗူးခွံတွေ ကျောင်းထဲမှာ တွေ့တယ်ခင်ဗျ။ ထိုးဆေးရော ဆေးပြားရောခင်ဗျ"

“၃ နာရီခွဲလောက်။ အဲဒီကျတော့ သူတို့က ဘယ်လိုပြောလဲဆိုတော့ အချိန်ကျပြီ တုတ်လိုက်တော့လို့ ခိုင်းတော့တာ ခင်ဗျ။ တုတ်လိုက်တော့ဆိုတော့ သူတို့က မျက်နှာစည်းတဲ့လူကစည်းပေါ့ခင်ဗျာ။ မျက်စေ့ကိုပိတ်တဲ့လူကပိတ် ပုဆိုးစုတ်တွေနဲ့စည်းပြီးတော့။ အဲဒီ နောက်ပြန်ကြိုးတုတ်။ နှစ်ယောက် တစ်တွဲတွဲထားပြီးတော့ ရွာ့တောင်ပိုင်းကို ခေါ်သွားတယ်ခင်ဗျ။ ဘုန်းကြီးကျောင်းရဲ့ တောင်ဘက်”

သူအပါအဝင် ကျန်ရစ်တဲ့ရှစ်ဦးကို ရိပ်သာအတွင်းပြန်ထည့်ပြီး တံခါးကို သော့ခတ်လိုက်ပါတယ်။ ဒါပေမယ့် သံတိုင်တွေစိုက်ထားတဲ့ ပြူတင်းပေါက်တွေကို ဖွင့်ပေးထားတဲ့အတွက် ရွာအတွင်းဘက်ကို အဝေးက လှမ်းပြီး မြင်နေရတယ်လို့ အဲဒီရွာသားက ဆက်ပြောပြပါတယ်။

“၃ နာရီကျော်လောက်ကို သေနတ်သံတွေကြားရပြီးတော့ မီးတွေမြင်ရတော့တာပဲခင်ဗျ။ ကျောင်းထဲ ကနေပြီးတော့။ ပြူတင်း ပေါက်တွေက သံတိုင်တွေဆိုတော့ ဖွင့်ပေးထားတယ်ခင်ဗျ။ သေနတ်ကတော့ မိုးအပေါ် ထောင်ဖောက်သံတွေ ပါခင်ဗျ။ တဒိုင်းဒိုင်းနဲ့ အချက်တစ်ရာလောက်ဖောက်တယ်ခင်ဗျ”

အဲဒီနေ့ညနေမှာ စစ်တပ်အရာရှိတဦးက သူတို့အခန်းကိုလာရောက် သတိပေးပြီး ပြန်ထွက်သွားပါတယ်။

"၁၁ ရက်နေ့ ညနေ ၆ နာရီလောက်ကျတော့ သုံးပွင့်ဗိုလ်လား၊ အဲဒီ ဗိုလ်တစ်ယောက်ကတော့ လာပြောပါတယ်။ သူ့ခါးမှာ သေနတ်ချိတ်ထားတာ။ မနက်ကျတော့ 'ငါတို့က ပြန်တော့မှာ။ သော့ဖွင့်ထားခဲ့မယ်။ အဲဒီတော့ မင်းတို့လဲ မနက်ကျတော့ ကိုယ့်အိမ်ကိုယ်ပြေးကြတော့။ ပြေးပြီးတော့ နောက် ဒီလို ရုန်းရုန်း ရုန်းရုန်းနဲ့ အသံဗလံကြားရင် ပုန်းကြပြေးကြ၊ လွတ်အောင်ပြေးကြ' လို့ မှာသေးတယ်ခင်ဗျ"

ဒါဟာစစ်သားတွေကို သူတို့ နောက်ဆုံးမြင်ရတာပါ။ အစာရေစာမရှိပဲ ဒုတိယ အချုပ်ညကို ဆက်လက် ကျော်လွန်ပြီး နောက်တနေ့ မနက် ၂ နာရီလောက်မှာ ဘုန်းကြီးကျောင်းထဲက စစ်သားတွေ ပြန်ထွက်ခွာသွားခဲ့ပါတယ်။ မနက်ပိုင်းမှာ ပိတ်ထားတဲ့ ရိပ်သာတံခါးကို ကိုရင်တစ်ပါးက လာရောက်ဖွင့်ပေးခဲ့တဲ့ အတွက် ကံကောင်းလို့ အသက်မသေတဲ့ သူတို့ ၈ ယောက် လွတ်မြောက်ခဲ့ပါပြီ။

ရွာအတွင်း စစ်ကောင်စီတပ်တွေ မီးရှို့သွားခဲ့လို့ မီးလောင်နေဆဲဖြစ်တဲ့ အိမ်တွေကို တခြားရွာသားတွေနဲ့အတူ လိုက်လံငြှိမ်းသတ်ရင်း သူတို့နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဘဝတူရွာသားတွေရဲ့ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို မြင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ခဲ့ပြီးနောက် သတ်ဖြတ်မီးရှို့ခံခဲ့ရသည့် ရွာသားတစ်ဦး၏ ရုပ်အလောင်းပုံ။
၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ခဲ့ပြီးနောက် သတ်ဖြတ်မီးရှို့ခံခဲ့ရသည့် ရွာသားတစ်ဦး၏ ရုပ်အလောင်းပုံ။

"အိမ်တွေမှာ ကြည့်လိုက်တဲ့အခါကျတော့ အိမ်မျက်နှာစာခြံဝင်းထဲမှာ ခုတ်ထားတာထင်တယ်၊ သွေးပုံတွေခင်ဗျ။ သွေးပုံတွေတွေ့ပြီးတော့ ဒရွတ်ဒရွတ်ဆွဲပြီးတော့ ပထမဦးဆုံးစရှို့တဲ့အိမ်က ခြောက်လောင်းတွေ့တယ်ခင်ဗျ။ ကုတင်ပေါ်ကို အနောက်ခေါင်းပြုပြီးတော့ ကားယားမှောက်ပြီ းရှို့ထားတာ။ ဓားနဲ့ခုတ်သတ်တာ များတယ်ခင်ဗျ။ တချို့လည်းသုံးလေးပိုင်း ပိုင်းထားတယ်။ ကုတင်ကြီးကြီးရှိတဲ့အိမ်က ကုတင်ပေါ်၊ ကုတင်မရှိတဲ့အိမ်က အောက်မှာ၊ ဒီအတိုင်းတန်းပြီးတော့ တုံးတွေဘာတွေဖိပြီးတော့ လောင်စာကောင်းတဲ့အိမ်က အဲဒီလိုရှို့တာ"

နောက်ထပ်ရွာသားတစ်ယောက်ရဲ့ ပြောကြားချက်အရ စစ်သားတွေဟာ ရွာကဘုန်းတော်ကြီးတစ်ပါးနဲ့ နေပြည်တော်မှာ သီတင်းသုံးနေတဲ့ မုန်တိုင်ပင်ဇာတိ ဘုန်းတော်ကြီးတစ်ပါးရဲ့ ပန်ကြားချက်အရ ရွာသား ၈ ယောက်ကို မသတ်ဘဲထားခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားတွေအပြင် အမျိုးသမီးနဲ့ ကလေး ၅ဝ ခန့်လည်း ပါဝင်ပြီး၊ စစ်သားတွေ ပြန်သွားတဲ့ မေလ ၁၂ ရက်နေ့ မနက်မှာမှ သူတို့လည်း ပြန်လည်လွတ်မြောက်ခဲ့ တာပါ။ သူတို့ကိုတော့  စစ်သားတွေက နှိပ်စက်တာ မရှိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့  ပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“မိန်းကလေးတွေက လူငယ်ရယ်လို့ မပါဘူးလေ။ လူကြီးတွေက များတယ်ဆိုတော့ သူတို့က၊ တချို့ ကလည်း မျက်စိမှုံတယ်ပေါ့နော်။ ကလေးလေးတွေလည်းပါတယ်ဆိုတော့ ကြောက်တော့ ငိုကြတာပေါ့။ ဆိုတော့ အမျိုးသမီးတွေကိုတော့ မခေါ်ခဲ့တောနဲ့။ အမျိုးသားတွေပဲခေါ်မယ်ဆိုတော့ အမျိုးသမီးတွေက ပိဋကတ်တိုက် အောက်မှာပဲ နေခဲ့ရတော့တာ။ မိန်းကလေးတွေကို ဘာမှမလုပ်ဘူးဗျ”

အိမ်ခြေ ၄ဝဝ ကျော်နဲ့ လူဦးရေ ၁၉ဝဝ ခန့် ရှိတဲ့ မုန်တိုင်ပင်ရွာဟာ ဒီဖြစ်ရပ်အပြီးမှာတော့ မီးလောင်ပြင် လူသတ်ကွင်း တစ်ခုအဖြစ် ကျန်ရစ်တာကို ဓာတ်ပုံအထောက်အထားတွေအရ တွေ့ရပါတယ်။ မေလ ၁၄ ရက်နေ့က NLD တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့ Facebook  စာမျက်နှာမှာ ဖော်ပြထားချက်အရ သင်္ကန်းစတစ်စပေါ်မှာ အပိုင်းပိုင်းပြတ်နေတဲ့ ရုပ်အလောင်းတစ်ခုကိုလည်း တွေ့ရပါတယ်။

၂၀၂၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ခဲ့ပြီးနောက် အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရသည့် ရွာသားတစ်ဦး၏ ရုပ်အလောင်းပုံ။
၂၀၂၂ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ခဲ့ပြီးနောက် အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရသည့် ရွာသားတစ်ဦး၏ ရုပ်အလောင်းပုံ။

စစ်သားတွေ ဝင်လာတဲ့မနက်မှာ ထွက်ပြေးလွတ်မြောက်သွားတဲ့ မုန်တိုင်ပင်ရွာသားတစ်ဦးကလည်း မေလ ၁၂ ရက်နေ့ က တွေ့ရတဲ့ မြင်ကွင်းကို သူ့တစ်သက် မမေ့နိုင်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့က အိမ်ဘေးမှာတွေ့တဲ့ သွေးကွက်သုံးကွက်တွေ့လို့ သုံးယောက်လို့ အဲဒီလိုယူဆတာဗျ။ အရိုးစု ရောက်တော့ အကုန်လုံးထပ်ပုံနေတာဆိုတော့ ရုပ်ကလပ်က မပီတော့ဘူးခင်ဗျ။ ဟိုတအိမ်က မီးကျွမ်း ထားတာဆိုတော့ ခွေးစားလို့ ရသေးတယ်။ အဲဒီလိုရုပ်ကလပ်ကခြောက် ယောက်၊ ခြောက်ယောက် နှစ်အိမ်တွေ့ တာဗျ။ ပထမကြည့်တုန်းကတော့ ခွေးမစားသေးဘူး။ တခေါက် ပြန်ကြည့်တော့ အဲဒီအတွင်းဗိုက်ကဟာ ခွေးကစားသွားပြီ။ ကျွမ်းတော့ကျွမ်းပြီးသားပေါ့ ခွေးစားလို့ရသေးတယ်”

သူ့ မိသားစုဝင်တစ်ဦးလည်း သတ်ဖြတ်ခံရသူ ၂၉ ဦးထဲမှာ ပါဝင်တယ်လို့ပြောပါတယ်။ အခုသတ်ဖြတ် ခံခဲ့ရတဲ့ မုန်တိုင်ပင်ရွာသားတွေထဲမှာ NLD ပါတီဝင်တွေသာမက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ၅ ဦးခန့် လည်း ပါဝင်တယ်လို့ အဲဒီရွာသားကပြောပါတယ်။

“အဲဒီအသတ်ခံရတဲ့ထဲက ကျနော်နာမည်ပြောပြရမယ်ဆိုရင်တော့ အောင်ဆန်းဝင်းတဲ့ ကံဝင်းတဲ့ မြင့်ထွန်းတဲ့ ဇေလင်းတဲ့ မိုးခိုင်တဲ့ ကျနော်သိသလောက်လေ။ အဲဒီလေးငါးယောက်လောက် အသတ်ခံရတယ်”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို RFA က ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ အတည်ပြုချက် မပေးနိုင်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်ယမင်းမြင့်ဆွေက ဖြေကြားပါတယ်။

ဖမ်းဆီးခံရပြီး အသက်မသေဘဲ လွတ်‌မြောက်ခဲ့တဲ့ အမျိုးသားကတော့ ကံကောင်းထောက်မလို့ အသက်ရှင် လွတ်မြောက်လာခဲ့ပေမယ့် ဒီရာဇဝတ်မှုကြီးကိုတော့ သူဘယ်လိုမှ မေ့ဖျောက်ထားလို့ မရနိုင်ပါဘူးလို့ ပြောပါတယ်။

“အဲဒါကတော့ လုံးဝမှကို မကျေနပ်နိုင်ဘူးခင်ဗျ။ ကျေနပ်လို့လဲ မရတော့ဘူးခင်ဗျ။ စိတ်ကတော့”

မေလ ၁၁ ရက်နေ့ မုန်တိုင်ရွာလူသတ်မှုမှာ အသတ်ခံရသူတွေဟာ အသက် ၂၅ နှစ်နဲ့ ၆၄ နှစ်ကြားအရွယ် အမျိုးသား စုစုပေါင်း  ၂၉ ဦးဖြစ်ပါတယ်။ အဲဒီ ၂၉ ဦးအနက် ဦးကျော်ခိုင်၊ ဦးကျော်ပိုင်နဲ့ ဦးအောင်ကျော်သူတို့ ၃ ဦးက ညီအကို အရင်းတွေ ဖြစ်သလို ဦးဇော်မိုးလှိုင် နဲ့ ဦးဇော်လွင် တို့ကလည်း ညီအစ်ကို အရင်းတွေဖြစ်သလို ဦးကျော်စွာလင်းနဲ့ ဦးညီညီမင်း တို့ကလည်း ညီအစ်ကိုအရင်းတွေပါ။

Data: RFA

ရွာထဲကိုဝင်လာတဲ့စစ်သားတွေထဲမှာ စစ်ကောင်စီသြဇာခံ ပျူစောထီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ စစ်သားတွေဟာ မုန်တိုင်ပင်ရွာထဲကို ရွှေတန်ကြီးရွာကနေ တဆင့် ခြေလျင် ဝင်ရောက်လာတာဖြစ်ပြီး ၁၂ ရက်နေ့ မနက်မှာတော့ ပုန်းတကားကျေးရွာကို ထွက်ခွာသွားခဲ့ပါတယ်။

RFA က ရရှိခဲ့တဲ့အထောက်အထားတွေအရ ဒီရာဇဝတ်မှုကြီးကို ဦးဆောင်ကျူးလွန်သူတွေထဲမှာ ရန်ကုန်တိုင်း တိုက်ကြီး မြို့နယ်အခြေစိုက် ခမရ ၇ဝ၈ က တပ်သားတွေပါဝင်နေတာ တွေ့ရပါတယ်။ ခမရ ၇ဝ၈ ရဲ့ တပ်ရင်းမှူးက ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းအောင်ဖြစ်ပြီး၊ သူတို့ကိုကွပ်ကဲတဲ့ ရန်ကုန်တိုင်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် ၄ ရဲ့ ခေါင်းဆောင်က ဗိုလ်မှူးချုပ်ကြည်သိုက် ဖြစ်တယ်လို့ CDM ဗိုလ်ကြီး မင်းမောင်မောင်က ပြောပါတယ်။

“အဲဒီ ၇၀၈ ဆိုတာ (စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) စကခ (၄) က။ စကခ (၄) ကစစ်ဆင်ရေးထိုးနေတာလဲ ရေဦးဘက်မှာထိုးနေတာ။ စကခ (၄) ဆိုတာမြန်မာပြည်မှာ ရှိနေတဲ့ တပ်မတွေထဲမှာ အညံ့ဆုံး တပ်မ။ စစ်ဆင်ရေးအရရော။ စိတ်ဓါတ်၊ စည်းကမ်းအရရော အညံ့ ဆုံးတပ်မ။ စစ်ကိုင်းက အင်းဒင်လို ဖြစ်သွား ပြီ။ သူတို့က သက်သေဖျောက်ပစ်တာလေ။ သတ်ဖြတ်ပြီး တခါတည်းမီးရှို့ခဲ့တော့ဘာသက်သေမှမကျန်ဘူးလေ”

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်သားများ စီးနင်းဝင်‌ရောက်ခဲ့ပြီးနောက် မီးရှို့ခံခဲ့ရသည့်နေအိမ်များ။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်သားများ စီးနင်းဝင်‌ရောက်ခဲ့ပြီးနောက် မီးရှို့ခံခဲ့ရသည့်နေအိမ်များ။

CDM ဝင်ရောက်ထားသူ စစ်အရာရှိနောက်တဦးဖြစ်တဲ့ ဗိုလ်ကြီးထက်မြက်ကလည်း ဒီလို လုပ်ရပ်တွေ လုပ်ဆောင်ဖို့အတွက် တပ်လုပ်ထုံးလုပ်နည်းအရ အထက် အရာရှိကြီးတွေရဲ့ အမိန့်ကိုယူရတယ်လို့ပြောပါတယ်။

"ရွာသားတွေကို အခုလိုဖမ်းမိပြီ ဆိုတဲ့အချိန်မှာ သူတို့အထက်ကို တင်ပြတဲ့အပေါ်မှာလဲ မူတည်တယ်။ အဓိကက သူတို့တင်ပြပုံပေါ့။ ရွာသားကို အကြမ်းဖက်လုပ်ရပ်တွေလုပ်တဲ့ PDF တွေဆိုပြီး တင်ပြမလားပေါ့နော်။ အဲဒါမျိုး တင်ပြတယ်ဆိုရင်တော့ အထက်ကပေးတဲ့အမိန့်က တမျိုးဖြစ်မယ်။ ပြီးတော့ အဲဒီလိုမျိုးအမိန့်ပေးတိုင်းမှာ အမိန့်နဲ့ပဲသွားတာ များတယ်ပေါ့။ တစ်ခုရှိတာက အထက်ကိုမမေးပဲနဲ့ အောက်မှာပဲဖြေရှင်းလိုက်တာတွေလည်း ကျနော်တို့တပ်မှာ အများကြီး ရှိတယ်။ ဒါပေမဲ့ သေချာသလောက်ကတော့ အခုအယောက် ၃၀ ကြီးဆိုရင်တော့ သူတို့မတင်ပြဘဲ မနေဘူးပေါ့နော်။ တခါတလေကျရင်တော့ အထက်ကလူတွေက မင်းတို့ ဘာတွေ့ထားလဲ ပေါ့နော်။ လက်နက်တွေ တွေ့သလား၊ ဖောက်ခွဲဖျက်ဆီးမှုလုပ်တဲ့ဟာတွေ တွေ့သလား၊ ဒါမှမဟုတ်လဲ သူတို့ကို ဖမ်းတဲ့အချိန်မှာ မင်းတို့ကို ရန်ပြုသလားပေါ့။ အဲဒီလိုမျိုး မေးတာတွေရှိတယ်။ အဲလိုမျိုး ပြနိုင်တယ်ဆိုရင်တော့ တချို့လူကြီးတွေက တခါတည်းရှင်းပစ်လိုက်တာတို့ ဘာတို့ရှိတယ်"

ဒါပေမယ့် မုန်တိုင်ရွာအဖြစ်အပျက်မှာ ဒုဗိုလ်မှူးကြီးထွန်းလင်းအောင်နဲ့ ဗိုလ်မှူးချုပ်ကြည်သိုက်တို့ တိုက်ရိုက်ပါဝင် ပတ်သက်တယ်ဆိုတဲ့ သက်သေအထောက်အထားကိုတော့ RFA က မရရှိခဲ့ပါဘူး။

မုန်တိုင်ပင်ရွာဟာ PDF အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အတွက်ကြောင့်  စစ်ကောင်စီတပ်တွေရဲ့ ပစ်မှတ်ထားခံရတာ ဖြစ်နိုင်တယ်လို့ ရွာသားတစ်ယောက်က ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီကို RFA ကမေးမြန်းတဲ့အခါ…

“ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကျနော်တို့မြေပြင်ကိုစုံစမ်းမေးမြန်းပြီးမှသာ အကျိုးအကြောင်းဖြေကြား နိုင်မှာဖြစ်ပါတယ်။ ကျနော်တို့မေးမြန်းလျက်ရှိပါတယ်ခင်ဗျ”

… လို့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။