စစ်ကိုင်းတိုင်း ကနီ၊ မင်းကင်း၊ တန့်ဆည်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေ ရှင်းလင်းမှုတွေကြောင့် မေလ ၂၈ ရက်နေ့ကနေ ဇွန်လ ၃ ရက် ဒီနေ့အထိ တစ်ပတ်အတွင်း ကျေးရွာ ၃၅ ရွာက ဒေသခံနှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလက်ရှိမှာ ဒေသခံတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ မင်းကင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
“ထွက်ပြေးနေကြရတဲ့သူတွေ အဓိကလိုအပ်နေတာ ဆေးဝါးတွေပါပဲ၊ အိမ်တွေ မီးရှို့ခံ ရတော့ စိတ်ဓာတ်တွေ ကျ ကျတယ် ထင်တယ်။ နေမကောင်းကြဘူး၊ အသက်ကြီးတဲ့ သူတွေနဲ့ အမျိုးသမီးတွေ နေမကောင်းဖြစ်တာ ပိုများတယ်။ ကလေးတွေက ဝမ်းလျှော ကြတယ်။ ဒီဘက်မှာ အခြေအနေက တော်တော်ကို ဆိုးပါတယ်“
ကနီမြို့နယ်က တဇယ်ချောင်၊ မုဌော၊ မင်းကုန်း၊ ရှမ်းမြောက် စတဲ့ ရွာတွေအပါအဝင် ရွာပေါင်း ၁၃ ရွာ၊ တန့်ဆည် မြို့နယ်က ကျွန်းတောကုန်း၊ အောင်ချမ်းသာ၊ မြောက်အင်း၊ ထန်းပင်ဆိပ်၊ အင်ကုက္ကား စတဲ့ ရွာတွေ အပါအဝင် ရွာပေါင်း ၁၅ ရွာနဲ့ မင်းကင်းမြို့နယ်က ပင်တင်း၊ လက်ချိတ်၊ နှင်းကြီး ၊ ဇင်ကလဲ စတဲ့ ရွာပေါင်း ခုနစ်ရွာလောက် က ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။
မင်းကင်းမြို့နယ် ပန်းဆက်ရွာမှာလည်း ဒီနေ့ ပျူစောထီးသင်တန်းဆင်းပွဲကနေ လက်နက် တွေနဲ့ ပစ်ခတ်နေတာကြောင့် အနီးနားက ဒေသခံတွေ ကြောက်လန့်ထွက်ပြေးနေကြ ရတယ်လို့ ဆိုပါတယ်။
တန့်ဆည်မြို့နယ် ထန်းပင်ဆိပ်ကျေးရွာမှာလည်း ဒီနေ့ နေအိမ်တွေ မီးရှို့ခံရတာတွေ ရှိနေတဲ့အတွက် ကျေးရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တန့်ဆည်၊ မင်းကင်းနဲ့ ကနီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတာပါ။
စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂၄၁,၀၅၀ ကျော်ရှိနေတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ထား ပါတယ်။
စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ်၂၃ ခုက မြို့နယ်အချို့ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လကစလို့ အင်တာနက် ဖြတ်တောက်ထားပြီး အချို့မြို့နယ်တွေကိုတော့ အင်တာနက်အမြန်နှုန်းလျှော့ချထားပါတယ်။