စလင်းမှာ စစ်ကြောင်းထိုး မီးရှို့မှုတွေကြောင့် ဒေသခံ လေးထောင်ကျော် ထွက်ပြေး
2025.02.10

မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်နေတာကြောင့် ရွာငါးရွာက ဒေသခံ လေးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြောပါတယ်။
စစ်ကောင်စီတပ်က အင်အားနှစ်ရာကျော်နဲ့ စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကြောင်းက အုန်းတောနဲ့ မြောင်းကြားရွာကို မီးရှို့ဖျက်ဆီးခဲ့တာလို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအောင်ဆန်းက ပြောပါတယ်။
"မနေ့က တိုက်ပွဲဖြစ်ပြီးမှ ရွာတွေကို မီးရှို့သွားတာပါ။ ဘယ်နှစ်အိမ် မီးထဲပါသွားတယ်ဆိုတာတော့ အတိကျမသိရသေးဘူး။ စာရင်းပြုစုနေတုန်းပါ။ အုန်းတောက အိမ်ခြေ နှစ်ရာကျော်ရှိပြီး မြောင်းကြားကတော့ အိမ်ခြေ တစ်ရာကျော်ရှိပါတယ်။ အဲဒီရွာ နှစ်ရွာကို မီးရှို့သွားတော့အနီးနားက ရွာတွေကပါ ထွက်ပြေးကြရတယ်။ ရွာငါးရွာလုံးဆိုရင် ဒေသခံပြည်သူ လေးထောင်ကျော်လောက်ရှိတယ်”
တိုက်ပွဲအတွင်း မင်းဘူးခရိုင် တပ်ရင်း (၅) က တပ်ခွဲမှူးဖြစ်တဲ့ ရဲဘော်နဂါးလေး (ခ) ကိုနိုင်ထက်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးတဲ့စာရင်းကို စုံစမ်းနေတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ အုန်းတော၊ မြောင်းကြား၊ လေးရွာနဲ့ သစ်ခွင် စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဇန်ဝါရီလ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်ချိန် စလင်းမြို့နယ် အုန်းတောနဲ့ ကညှပ်ရွာက နေအိမ် ငါးဆယ်ခန့် မီးရှို့ခံခဲ့ရပြီး လူတစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသန အဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း ကာလအတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် တစ်သိန်းကျော် (၁၀၆,၄၀၉) အထိရှိလာပါတယ်။