ဆောမြို့နယ် အနိမ့်ရွာ မီးရှို့ခံရ
2024.08.04
မကွေတိုင်း ဆောမြို့နယ် အနိမ့်ရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၃ ရက်နေ့မှာ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ရွာကနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ထုမြို့အခြေစိုက် အမှတ် - ၃၆၈ အမြောက်တပ်ကနေ စစ်ကောင်စီတပ်သား အင်အား ၁၂၀ ခန့်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့တာလို့ ယောအလင်းတန်းအဖွဲ့က ကိုဘကောင်းက RFA ကို ပြောပါတယ်။
“၃ ရက်နေ့ မနက်စောစော နှစ်နာရီလောက်က ထွက်သွားတဲ့စစ်ကြောင်းက မနက်ပိုင်းမှာ အနိမ့်ရွာကိုဝင်ပြီး ဆယ်နာရီခွဲလောက်မှာစပြီးတော့ မီးရှို့တာ။ ၁၅ လုံးကတော့ လုံးဝ အိမ်တိုင်ပဲ ကျန်ခဲ့တယ်။ ကျန်တဲ့သုံးလုံးကတော့ အိမ်တစ်ခြမ်းစီလောက် ပါသွားတယ်။ အကုန်လုံးဆိုရင်တော့ ၁၈ လုံး မီးလောင်ခဲ့တယ်”
စစ်ကောင်စီတပ်သားတွေဟာ အနိမ့်ရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကျောက်ထုမြို့ အမြှောက်တပ်ရင်းကို စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ထုမြို့နဲ့ ခြောက်မိုင်ခန့်ဝေးတဲ့ အနိမ့်ရွာမှာ အိမ်ခြေ ၁၃၀ ခန့်ရှီပြီး လူဦးရေ ငါးရာနီးပါး နေထိုင်ပါတယ်။ စစ်ကြောင်းထိုးလာချိန် ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကြောင်းပြန်ထွက်သွားချိန်မှ ရွာကိုပြန်လာပြီး နေအိမ်တွေကို မီးငြှိမ်းသတ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာကြောင့် အရပ်သားနေအိမ် တစ်သိန်းနီးပါး (၉၅,၄၅၀ ) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးရှို့ဖျက်ဆီးခံရမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Data For Myanmar အဖွဲ့က ဇူလိုင်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။