ဆောမြို့နယ်မှာ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကြန်တောရွာထဲ ဇူလိုင်လ ၁၇ ရက် ညပိုင်း ၈ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ထုအမြောက်တပ် (အမတ - ၃၆၈) ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ၁၇ ချက် ပစ်ခတ်ခဲ့ပြီး ကြန်တောရွာက နေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲမှုအတွင်း သက် ၅၅ နှစ်အရွယ် ဦးဝင်းအောင်မှာ ဦးခေါင်း ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။

နောက်ထပ် အသက် ၆၃ နှစ်အရွယ် ဦးသိန်းဝင်းနဲ့ အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်သန်းအေးတို့လည်း ကျောကုန်းနဲ့ ခန္ဓာကိုယ်အနှံ့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တစ်ဦးသေသွားတယ်။ နှစ်ဦးကတော့ ဒဏ်ရာပြင်းတော့ ဆေးရုံတင်ထားတယ်။ အခြေအနေတော့ မသိရ သေးဘူး။ အမတ ၃၆၈ က လက်နက်ကြီးနဲ့ ရွာတွေထဲပစ်နေတာ လေးရက်လောက်ရှိပြီ။ အခုလေးတင်ပဲ ပစ်နေတုန်းပဲ။ တိုက်ပွဲလည်း မရှိဘဲနဲ့ လိုက်ပစ်နေတာ”

လက်ရှိမှာတော့ ကြန်တောရွာနဲ့ အနီးအနား ရွာဆယ်ရွာက အရပ်သားတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဇူလိုင်လ ၁၆ ရက် မနက်ပိုင်းကလည်း အမတ - ၃၆၈ ကလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပန်းဆန်ရွာ စာသင်ကျောင်းး လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။