ရခိုင်မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ဖို့ ညွှန်ကြားထား

ရခိုင်ပြည်နယ်အတွင်းက အခြေခံပညာစာသင်ကျောင်းတွေမှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့ကစပြီး တာဝန်ကျရာကျောင်းတွေမှာ သွားရောက်တာဝန်ထမ်းဆောင်ဖို့ ပညာရေးဌာနက ညွှန်ကြားထားပါတယ်။

စစ်တွေမြို့နယ် ပညာရေးမှူး ဦးအေးသန်းက စာသင်ကျောင်းတွေ ဥပဓိရုပ်ကောင်းအောင် ဆောင်ရွက်ဖို့ စတင်တာဝန်ထမ်းဆောင်ခိုင်းတာလို့ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုလျော့နည်းလာလို့ အခြေခံပညာ ကျောင်းတွေကို မကြာမီ ပြန်ဖွင့်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ပြည်နယ်တစ်ဝှမ်းက စာသင်ကျောင်းတွေမှာ ဒီနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစလို့ ဆရာ၊ ဆရာမတွေကို တာဝန်ကျကျောင်းတွေကို သွားရောက်ကြဖို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ညွှန်ကြားထားပါတယ်။

စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်တွေမြို့မှာရှိတဲ့ စာသင်ကျောင်းတချို့ကို သွားရောက်ပြီး သန့်ရှင်းရေးဆောင်ရွက်နေကြတာကိုတွေ့ရပါတယ်။