မစ္စတာ ရှောင်တားနဲလ်အမှု လိုပြသက်သေကို ဆက်လက်စစ်ဆေး

အင်းစိန်ထောင်မှာ မစ္စတာ ရှောင်တားနဲလ်ကို ဇူလိုင် ၂၈ ရက်နေ့က ကျန်းမာရေးစစ်ဆေးနေစဉ်
အင်းစိန်ထောင်မှာ မစ္စတာ ရှောင်တားနဲလ်ကို ဇူလိုင် ၂၈ ရက်နေ့က ကျန်းမာရေးစစ်ဆေးနေစဉ် (AFP Photo)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို စွဲဆိုထားတဲ့ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) အမှုနဲ့ ပတ်သက်လို့ ဒီနေ့မှာ တရားလိုပြ သက်သေတစ်ဦးကို ဆက်လက်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တရားလိုပြသက်သေဖြစ်တဲ့ ဦးအောင်ကျော်စံကို စစ်ဆေးခဲ့တာဖြစ်ပြီး တရားခွင်အတွင်း ထွက်ဆိုချက်တွေနဲ့ စစ်ဆေးချက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မစ္စတာ ရှောင်တားနဲလ်ရဲ့ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရှိချက်တွေအရ ဒီအမှုမှာ သူနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံ ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီး ဟောင်း ဦးကျော်ဝင်း တို့ကိုပါ စစ်ကောင်စီဘက်က တရားစွဲဆိုထားတာပါ။

ဒီအမှုမှာပါတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းဟာ အူမကြီးကင်ဆာနဲ့ နေပြည်တော် ကုတင် တစ်ထောင်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရပြီးနောက် တရားရုံးအာမခံရထားပါတယ်။

ကျန်လေးဦးကတော့ တရားရုံးကို လူကိုယ်တိုင်လာရောက်ခဲ့ပြီး လေးဦးစလုံး ကျန်းမာရေး ကောင်းတယ်လို့ ဆိုပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ကတော့ မစ္စတာ ရှောင်တားနဲလ်ကို ချက်ချင်းလွှတ်ပေးဖို့အတွက် အခုဖေဖော်ဝါရီလထဲမှာပဲ တောင်းဆိုထားပါတယ်။

မစ္စတာ ရှောင်တားနဲလ်ဟာ မတရားသဖြင့် အဖမ်းခံနေရတာဖြစ်ပြီး သူ့အပေါ် စွပ်စွဲချက် တွေ အားလုံးကို ကန့်ကွက်ကြောင်းနဲ့ သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ထပ်ပြီးတော့ တောင်းဆိုကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

မစ္စတာ ရှောင်တားနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦးဖြစ်ပါတယ်။