အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ဟာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ (၁) (ဂ) အမှုနဲ့ ဇွန်လ ၉ ရက်နေ့ ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ စွဲချက်တင်ခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုမှာ မစ္စတာ ရှောင်တားနဲလ်နဲ့အတူ ပူးတွဲစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ဟာလည်း မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ (၁) (ဂ)/၉ နဲ့ စွဲချက်တင် ခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဒီအမှုဟာ မစ္စတာ ရှောင်တားနဲလ်ရဲ့ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရှိချက်တွေ နဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုထားတာပါ။
မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ (၁)(ဂ) ဟာ နယ်ချဲ့အင်္ဂလိပ် လက်ထက် ၁၉၂၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဖြစ်ပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်ပါတယ်။
မစ္စတာ ရှောင်တားနဲလ် နောက်ထပ်စွဲဆိုခံထားရတဲ့ လဝက အက်ဥပဒေ အမှုကိုလည်း ဒီနေ့မှာ ဆက်လက်စစ်ဆေးခဲ့ပြီး အမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne ကတော့ မစ္စတာ ရှောင်တားနဲလ်ကို ချက်ချင်းလွှတ်ပေးဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တောင်းဆိုထားပါတယ်။
မစ္စတာ ရှောင်တားနဲလ်ဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်း ပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့ နီးစပ်တဲ့ နိုင်ငံခြားသားတစ်ဦး ဖြစ်ပါတယ်။