စစ်ကောင်စီက ဖမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တားနဲလ်ပြန်လွတ်လာပြီလို့ ပြောခဲ့တာ မှားယွင်းတဲ့ အတွက် တောင်းပန်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တနင်္လာနေ့မှာ ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
သြစတေးလျနိုင်ငံခြားရေးဝန်ကြီးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ပါမောက္ခ ရှောင်တားနဲလ် ပြန်လွှတ်ပေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတိုက်တွန်းခဲ့တာ အခုလွတ်မြောက်လာပြီလို့ မစ္စတာဟွန်ဆန်က စောစောပိုင်းမှာ ပြောခဲ့တာပါ။
သတင်းအချက်အလက် မှားယွင်းတာကြောင့် ရှုပ်ထွေးမှုတွေဖြစ်ခဲ့တယ်၊ မရည်ရွယ်တဲ့ မှားယွင်းမှုဖြစ်လို့ ခွင့်လွှတ်ပါလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တနင်္လာနေ့ နှောင်းပိုင်းမှာ Facebook ကတဆင့် အသိပေးခဲ့ပါတယ်။ မစ္စတာရှောင်တားနဲလ်ကို လွှတ်ပေးဖို့ အစီအစဉ် ရှိမနေဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီမြန်မာပိုင်းကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၆ရက်နေ့က မစ္စတာ ရှောင်တားနဲလ် အဖမ်းခံခဲ့ရတာဖြစ်ပြီး အစိုးရလျှို့ဝှက်ချက်ဥပဒေချိုးဖောက်မှုနဲ့ အရေးယူခံနေရတာပါ။ သူ့မှာ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် ထောင်ဒဏ် အများဆုံး ၁၄ နှစ်အထိ ကျခံရဖို့ ရှိနေပါတယ်။
ပါမောက္ခ ရှောင်တားနဲလ်ဟာ မတရားသဖြင့် အဖမ်းခံနေရတာဖြစ်ပြီး သူ့အပေါ် စွပ်စွဲ ချက်တွေ အားလုံးကို ကန့်ကွက်ကြောင်း၊ သူ့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ ထပ်ပြီးတော့ တောင်းဆိုပါတယ်လို့ သြစတေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က တနင်္ဂနွေနေ့ ကပဲ တောင်းဆိုခဲ့ပါတယ်။