ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra သက်ဆင်နဲ့ လက်ရှိ ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Yuthasak Sasiprapha ယုသာဆပ် ဆာစီပရာဖါတို့ မကြာသေးခင်က ဟောင်ကောင်မှာ လျှို့ဝှက်တွေ့ဆုံခဲ့ရာမှာ မြန်မာ့ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လိုသမျှရရှိနိုင်အောင် စည်းရုံးထားဖို့လိုအပ်ကြောင်း ပြောဆိုခဲ့ကြတဲ့သတင်းကို RFA က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထုတ်လွှင့်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို လျှို့ဝှက်ဖမ်းယူထားတဲ့ အသံဖိုင်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ယုံကြည်လေးစားမှုကို အရရှိဆုံးလူဖြစ်ပြီး ထိုင်းနဲ့ မြန်မာကာကွယ်ရေး ဦးစီးချုပ်တွေဟာ အင်မတန်ရင်းနှီးတဲ့အတွက် မိမိတို့ ထိုင်းနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်း လုပ်ငန်းတွေကိုလိုချင်ရင် ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး သာနာဆပ် General Thanasak Patimapakon ကို ဝန်ကြီးချုပ် ယင်းလတ်က ဆင့်ခေါ်ပြီး ပြောလိုက်ရုံမျှသာလိုကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မိမိတို့လိုသမျှရနိုင်မှာဖြစ်ကြောင်း ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီး ယုသာဆပ်က ပြောကြားထားပါတယ်။
သက်ဆင်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ သြင်္ကန်ကာလက သူတွေ့ဆုံခဲ့ကြောင်း၊ သူ့ကိုတောင် ရန်ကုန်မှာ မြေကွက်တစ်ကွက်ပေးထားကြောင်း စသဖြင့်ပြောပါတယ်။
ဒါ့အပြင် အဲဒီအသံဖိုင်ထဲမှာ တခြားမြန်မာဝန်ကြီးတစ်ဦးက သူဟာမြန်မာပြည်မှာ လွှတ်တော်အဆောက်အဦးတွေအပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းအများအပြားကိုရရှိခဲ့သူဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ အထူးရင်းနှီးသူဖြစ်တဲ့အတွက် ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ယုသာဆပ်အနေနဲ့ သမ္မတကြီး ဦးသိန်းစိန်ကို တွေ့ဆုံလိုရင် တခြားသူတွေကိုပြောဖို့မလိုပဲ သူ့ကိုပဲအသိပေးဖို့ ပြောကြားခဲ့ကြောင်းလဲ ပါဝင်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး မြန်မာပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA က ဒီကနေ့ ဇူလိုင်လ ၁၁ ရက်နေ့မနက်ပိုင်းက မှတ်ချက်ပေးဖို့ မေတ္တာရပ်ခံခဲ့ရာမှာ ဦးရဲထွဋ်က အဲဒီအသံဖိုင်ဟာ အစစ်အမှန်ဖြစ်ကြောင်း ခိုင်မာတဲ့သက်သေ အထောက်အထားရှိမရှိ၊ ဥပမာ၊ ကာယကံရှင်များရဲ့ အသံဟုတ်မဟုတ် စိစစ်ဖို့လိုပါတယ်။ မိမိအနေနဲ့ ပြောနိုင်တာကတော့ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံကြားမှာ အစိုးရခြင်းရော၊ တပ်မတော်ခြင်းပါ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတာပါပဲလို့ ဖြေကြားခဲ့ပါတယ်။
ဒီသတင်းကို စိတ်ဝင်စားစရာ အထူးကောင်းတဲ့သတင်းအဖြစ် ဘန်ကောက်ပို့စ်သတင်းစာက ဒီကနေ့ဖေါ်ပြပါတယ်။ အဲဒီလျှို့ဝှက်တွေ့ဆုံပွဲကို ဇွန်လ ၂၂ ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့သားက အဲဒီအသံဖိုင်ထဲကအသံဟာ သူ့ဖခင်ဖြစ်တယ်လို့ အတည်ပြုကြောင်းလည်း ဖေါ်ပြထားပါတယ်။
ထိုင်းနိုင်ငံက နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ထိုင်းဒုတိယကာကွယ်ရေးဝန်ကြီးက ကျင်းပဖို့ရှိတဲ့သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းလိုက်ပြီး ထိုင်းကာကွယ်ရေးဝန်ကြီးဌာနကလည်း အင်တာနက် YOU TUBE ပေါ်က ဒီသတင်းနဲ့ပတ်သက်တဲ့ တင်ပြချက်တွေကို ပိတ်ဆို့ဖို့ကြိုးစားနေကြောင်းနဲ့ အခုလို လျှို့ဝှက်ပြောဆိုချက်တွေကို အသံဖမ်းပြီးတင်ပြခဲ့တဲ့ ထိုင်းသတင်းထောက်ကို အသက်အန္တရာယ်မကျအောင် ကာကွယ်ဖို့အတွက် အဖွဲ့အစည်းတစ်ခုက အားထုတ်ကြိုးပမ်းနေကြောင်း သိရပါတယ်။