တောင်တွင်းကြီးမှာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံရသူပေါင်း ၅၀ ကျော် ရှိလာ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ဒီကနေ့ ဇွန်လ ၁၄ ရက်အထိ လေးလကျော်ကာလအတွင်း စစ်ကောင်စီကနေ ပုဒ်မ ၅၀၅(က) တပ်မတော်ကို အကြည်ညို ပျက်အောင် သွေးထိုးလှုံ့ဆော်မှုနဲ့ အမှုဖွင့်ခံရသူပေါင်း ၅၀ ကျော် ရှိနေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေနဲ့ ရှေ့နေတွေက RFA ကို ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်တွင်းကြီးမြို့က ရှေ့နေတစ်ဦးက အမှုဖွင့်ခံရသူ စုစုပေါင်း ၅၀ နီးပါး ရှိတယ်လို့ ပြောပါတယ်။

''အဖမ်းခံရလို့ အချုပ်ထဲကနေ အမှုရင်ဆိုင်နေရသူနဲ့ အဖမ်းမခံရသေးဘဲ ရှောင်တိမ်းနေသူတွေနဲ့ပါ ပေါင်းရင် စုစုပေါင်း ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံရသူ ၅၀ ကျော်လောက်ရှိနိုင်တယ်''

ရှေ့နေ တစ်ဦးလည်းဖြစ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်သင်းသင်းဆွေ က အမှုဖွင့်ခံရသူတွေထဲမှာ နိုင်ငံရေးလှုပ်ရှားသူတွေတင် မကဘဲ သာမန်ပြည်သူတွေလည်း အများကြီးပါတယ်လို့ RFA ကို ပြောပါတယ်။

''စစ်ကောင်စီက စွပ်စွဲချင်လို့သာ စွပ်စွဲတာ အခုအမှုဖွင့်ခံထားရတဲ့သူတွေထဲမှာ ပြည်သူတွေ အများကြီး ပါတယ်။ သူတို့ရဲ့ လွတ်လပ်တဲ့ဆန္ဒကို ဖော်ထုတ်ပြီး တက်ကြွလှုပ်ရှားတဲ့ ပြည်သူတွေကို ဒီပုဒ်မကြီး တပ်ပြီး အမှုဖွင့်စရာ အကြောင်းမရှိဘူး။ သူတို့က ပုဒ်မတစ်ခုရဲ့အင်္ဂါရပ်နဲ့ မညီဘဲနဲ့ အမှုဖွင့်ထားတယ်လို့ပဲ ပြောချင်တယ်''

၅၀၅(က) တွေကို ပြစ်ဒဏ်အမိန့်ချတော့မယ်ဆိုရင် အထက်အဆင့်ဆင့်ကို တင်ပြပြီးမှ အမိန့်ချဖို့ လျှို့ဝှက် ညွှန်ကြားချက် ရှိထားတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီကနေ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူတွေထဲမှာ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ရှေ့နေနဲ့ တောင်သူတွေ အပါအဝင် အလွှာပေါင်းစုံက ပြည်သူတွေ ပါဝင်ပါတယ်။