ပုဂံရှေးဟောင်းနယ်မြေမှာ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်ထား

ပုဂံရှေးဟောင်းမြို့မှာ လာရောက်လည်ပတ်သူများအား ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်
ပုဂံရှေးဟောင်းမြို့မှာ လာရောက်လည်ပတ်သူများအား ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

မန္တလေးတိုင်း ညောင်ဦးခရိုင် ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့ကစတင်ပြီး စစ်ကောင်စီက လုံခြုံရေးကို တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၄ ရက်နေ့က တပ်သားအင်အားအပြည့် တင်ဆောင်လာတဲ့ ကား ၁၀ စီးထက်မနည်း ကျောက်ပန်းတောင်း မြို့ ဘက်ကနေ ရောက်ရှိလာကြတာလို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

အခုလို လုံခြုံရေးကို ဘာကြောင့် တိုးမြှင့်ချထားတယ်ဆိုတာကို မသိရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ကားတွေကအများကြီးပဲ။ ကုန်တင်ကားတွေလည်း ပါတယ်ဆိုတော့ ဘာလုပ်ကြ မလဲတော့ မသိသေးဘူး။ ကျောက်ပန်းတောင်းအခြေစိုက် တပ်မ ၉၉ နဲ့ ရဲတပ်ရင်းကတော့ မသိပါဘူးဗျ။ ချောက်ဘက်ကနေလည်း သွားတဲ့ကားတွေရှိတယ်။ စုစုပေါင်း ၄၀၊ ၅၀ လောက်တော့ရှိမယ်ဗျ"

အဲဒီလုံခြုံရေးတွေကို နန်းမြင့်မျှော်စင်ပတ်ဝန်းကျင်အပြင် သဗ္ဗညုဘုရား၊ ရွှေစည်းခုံဘုရား၊ လေဆိပ်လမ်းဆုံနဲ့ အခြားနာမည်ကြီးဘုရားတွေမှာ ချထားတာ တွေ့မြင်ရတယ်လို့ သူက ပြောပါတယ်။

ပုဂံမြို့မှာ ထိပ်သီးအစည်းဝေးတစ်ခုလုပ်ဖို့ရှိတာကြောင့် အခုလို လုံခြုံရေးတွေ တင်းကျပ်ထားတာ ဖြစ်နိုင်တယ် လို့ ဒေသခံတွေအကြား ပြောဆိုနေကြပေမယ့် စစ်ကောင်စီဘက်က ထုတ်ပြန်တာ မျိုး မရှိသေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

ဇွန်လ ၁၅ ရက်မနက်ပိုင်းမှာ ညောင်ဦးကနေ ပုဂံမြို့ဟောင်းကိုသွားတဲ့ အနော်ရထာလမ်းမကြီး ဘေးက ရွာဟောင်းကြီးဘုရားအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာသမျှ ကား၊ ဆိုင်ကယ် တွေကို တားဆီးပြီး ဖုန်းတွေကို စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၆ ရက် မနေ့ကလည်း ကျောက်ပန်းတောင်းနဲ့ ညောင်ဦးကိုအသွား ဗျတ္တလမ်းနားမှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးတွေ့ရှိခဲ့ရတာကြောင့် အဲဒီနေရာမှာလည်း လုံခြုံရေးတင်းကျပ် ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။