ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်ပြီး ဖမ်းဆီးခံရမှုပိုများလာ

ဂျူလိုင်မျိုး (ဝါရှင်တန် ဒီစီ)
2021.09.16
ရန်ကုန်မှာ လုံခြုံရေးတင်းကျပ်ပြီး ဖမ်းဆီးခံရမှုပိုများလာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်မှာ ၂၀၂၁ မတ် ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: RFA

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တော်လှန်ရေးကို တစ်ဆင့်အရှိန်မြှင့်လိုက်တဲ့အနေနဲ့ စက်တင်ဘာလ ၇ ရက်နေ့က နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာပြီး စစ်ကောင်စီကို တော်လှန်ကြဖို့ ကြေညာလိုက်ပြီး တဲ့နောက် စစ်ကောင်စီက ရန်ကုန်မြို့မှာလုံခြုံရေး ပိုတင်းကျပ်ပြီး ဖမ်းဆီးမှုတွေလည်း ပိုလုပ်လာတယ်လို့ မြို့ခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၇) ရပ်ကွက်က ပြည်ရိပ်မွန် အိမ်ရာ၊ လှည်းတန်း (၅) လမ်းနဲ့ အမှတ် (၃) ရပ်ကွက်မှာရှိတဲ့ မဟာဘောဂလမ်းထဲကို စစ်ကောင်စီတပ် တွေက ဝင်ရောက်လာခဲ့ပြီး သားအမိနှစ်ယောက် အပါအဝင် အမျိုးသမီး ငါးဦး၊ အမျိုးသား ခြောက်ဦး စုစုပေါင်း ၁၁ ဦးကို ရိုက်နှက်ကန်ကြောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအထဲက အမျိုးသားတစ်ဦးကို စစ်တပ်နဲ့ရဲက ရိုက်နှက်ကန်ကျောက်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကိုလည်း RFA က ရရှိခဲ့ပါတယ်။

"လူငယ်ဆိုတာနဲ့ကို စစ်ချင်ဆေးချင်ဖြစ်တာကိုး"

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူငယ်တွေကို အဓိကပစ်မှတ်ထား စစ်ဆေးဖမ်းဆီးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ပြပျောက်ကျား လှုပ်ရှားမှုတွေလုပ်ဆောင်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“ရပ်ကွက်ထဲမှာ လူငယ်တွေကို စောင့်ကြည့်တာမျိုးလည်း ရှိတယ်။ ကိုယ့်ကိုစောင့်ကြည့်နေတယ်ဆိုပြီး ခံစားမိတယ်။ လူငယ်ဆိုတာနဲ့ကို စစ်ချင်ဆေးချင်ဖြစ်တာကိုး။ မြေနီကုန်း ခုံးတံတားနားမှာဆိုရင် လည်း နှစ်ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါ စစ်တာတွေရှိတယ်။ စစ်ရင်လည်း ကျောပိုးအိတ်ကို ဖြဲစစ် တာရှိတယ်။ တစ်ရက်ကဆိုရင် အင်္ကျီတွေတောင် ချွတ်စစ်တာခံရတယ်။ ဒါတွေဖြစ်တယ်။ မြို့ထဲပိုင်းဆိုရင် အရင်တုန်းက ကားပဲစစ်တာ။ NUG ကြေညာပြီးတဲ့နောက်ပိုင်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်တော့ ဘတ်စ်ကား ပေါ်မှာကအစ စစ်တာမျိုးတွေရှိတယ်။ ရပ်ကွက်နေထိုင်မှုမှာလည်း ပိုပြီးတင်းကျပ်လာတယ်“

စစ်ကောင်စီတပ်သားတွေဟာ ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာတွေမှာ ကင်းလှည့်တာတွေ၊ မြို့နယ် တချို့မှာ ဧည့်စာရင်းစစ်တာတွေနဲ့ လူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေဟာ နေ့စဉ်ရှိနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့ညကလည်း လှိုင်မြို့နယ်အတွင်းက ၁၃ ရပ်ကွက်မှာ ဧည့်စာရင်း မတိုင်လို့ ဆိုပြီး လူပေါင်း ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ကို NUG၊ PDF အဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေး မေးမြန်းပြီး နောက်တစ်ရက်မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ လှိုင်မြို့ဒေသခံတွေက ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွေအရ NUG က တိုက်ပွဲခေါ်ခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က စက်တင်ဘာလ ၁၄ ရက်နေ့အထိ အချိန် ၈ ရက်တာ ကာလအတွင်း နိုင်ငံတစ်ဝန်း ဖမ်းဆီးထိန်းသိမ်းခံထားသူပေါင်း ၂၂၀ အထိ ရှိနေပါတယ်။

စစ်ကောင်စီက ရန်ကုန်မြို့မှာ ဧည့်စာရင်းအကြောင်းပြ စစ်ဆေးဖမ်းဆီးမှုတွေက တော်လှန်ရေးအင်အားစု တွေအတွက် နေထိုင်ရေးအခက်ကြုံစေဖို့ ရည်ရွယ်ပုံရတယ်လို့ မြို့ပြပျောက်ကျား လှုပ်ရှားမှုတွေမှာ ပါဝင် နေတဲ့ လူငယ်တွေက ပြောပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီအပေါ် ခုခံတော်လှန်မှုတွေက နည်းလမ်းအမျိုးမျိုးနဲ့ ဆက်ရှိနေဦးမယ်လို့ တကသ ကျောင်းသားဟောင်းများအင်အားစုက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်း က ပြောပါတယ်။

“ဒါကတော့ စစ်တပ်က ခေတ်အဆက်ဆက် သုံးခဲ့တဲ့ နည်းဗျူဟာတွေအတိုင်း လုပ်နေတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ပိုပြီးကျပ်တည်းသွားတာမှန်တယ်။ သို့သော် ကျွန်တော်တို့ကတော့ နည်းလမ်း ရှာပြီးတော့ ဆက်ပြီးတော့ စစ်ကောင်စီကို အနုနည်းနဲ့ရော၊ အကြမ်းနည်းနဲ့ရော တတ်နိုင်သမျှ မြို့ပေါ်မှာ ဆောင်ရွက်သွားဖို့ ရှိတယ်။ ဘယ်လိုပဲ အကျပ်အတည်း အခက်အခဲတွေ ကျွန်တော်တို့အပေါ်မှာ နှိပ်စက် မှုတွေရှိရှိ တစ်ယောက်ကို ဖမ်းလိုက်လို့ တစ်ဖွဲ့ကို ဖမ်းလိုက်လို့ ပြီးသွားမယ့် ပွဲတော့ မဟုတ်ဘူး။ သူ့နေရာနဲ့သူ နိုင်ငံအနှံ့အပြားမှာ တော်လှန်ရေး လှုပ်ရှားမှုတွေက ပုံစံပေါင်းစုံနဲ့ အရှိန်အဟုန်မြှင့်မြှင့်နဲ့ ဆက်ပြီးပေါ်လာဖို့ပဲရှိတယ်"

စစ်ကောင်စီဟာ ပြည်သူလူထုကို ဧည့်စာရင်းဥပဒေလို့ အများသိကြတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးဥပဒေကို စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြန်ပြီးအသက်သွင်းခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တစ်နိုင်ငံလုံးကို တော်လှန်ရေးစတင်ဖို့ ကြေညာပြီးတဲ့နောက် စက်တင်ဘာလ ၉ ရက်နေ့မှာလည်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာ ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်မှာ နေအိမ်၊ တိုက်ခန်းတွေမှာ ဧည့်စာရင်းမတိုင်ဘဲ ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှု ကျူးလွန်ရင် အဲဒီ နေအိမ်၊ တိုက်ခန်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းမှာဖြစ်သလို စစ်ဆေးပေါ်ပေါက် ရင်လည်း နိုင်ငံပိုင်အဖြစ် သိမ်းယူသွားမယ်လို့ ဖော်ပြထားပါတယ်။ဒီလိုဖြစ်ရပ်အတွက် နေအိမ်၊ တိုက်ခန်း ပိုင်ရှင်မှာလည်း တာဝန်ရှိတာဖြစ်လို့ သက်ဆိုင်ရာဥပဒေနဲ့ အရေးယူမယ်လို့လည်း ပါရှိပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ကတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ပြည်သူတွေကို ဖိနှိပ်ဖို့အတွက် ဥပဒေတွေကို လိုသလိုပြင်ပြီးဆောင်ရွက်နေတာလို့ ဝေဖန်ပါတယ်။

“အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဟာ လိုရင်လိုသလို၊ မလိုရင်မလိုရင် လုပ်နိုင်တဲ့အချက်အလက်တွေ အများကြီးပါတယ်။ စစ်တပ်က NLD အစိုးရကို စိတ်အဆိုးဆုံးက နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ဥပဒေတွေ ပြဌာန်းတာတွေ၊ ဧည့်စာရင်း ဥပဒေတွေ ပယ်ဖျက်လိုက်တာတွေ အဲဒီနှစ်ခုကို ပယ်ဖျက်လိုက် တာကို အရမ်းစိတ်ဆိုးတယ်။ ဘာလို့ဆို သူတို့က ဧည့်စာရင်းကို ပြန်ပြီးထင်သလိုလုပ်တာလေ။ အဲဒါ ကြောင့် စစ်တပ်အာဏာသိမ်းပြီးပြီးချင်း တပတ်ကျော်ပဲကြာတယ်။ ဧည့်စာရင်း ဥပဒေကို ပြန်ပြဌာန်း တယ်။ ပြည်သူလူထုကို အကာကွယ်ပေးတဲ့ ဥပဒေပုဒ်မတွေကို မလိုက်နာတော့ဘူးလို့ တရားဝင်ကြေညာ တယ်“

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီကို စစ်ကြေညာခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒေသအချို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေသလို ရန်ကုန်မြို့မှာလည်း မကြာခဏဖောက်ခွဲမှုတွေ ရှိလာတာပါ။

ဒီအခြေအနေတွေကို ဖြေရှင်းနိုင်ဖို့အတွက် ထွက်ပေါက်မရှိသေးဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

“နှစ်ဖက်စလုံးက အပြုတ်တိုက်ရေးကို ဦးတည်နေတော့ ပိုပြီးတော့ တင်းမာလာတာပေါ့။ ခုထက်ပိုဆိုးမယ့် အခြေအနေမျိုးတော့ ဦးတည်နေတာပဲ။ လောလောဆယ်မှာကတော့ ဒီအနေအထားကနေ ထွက်ပေါက်က ပိတ်နေတုန်းပဲ။ နိုင်ငံတကာက အဆိုပြုထားတယ်ဆိုတဲ့ဟာတွေကလည်း လက်တွေ့မှာ အကောင်အထည် မဖော်နိုင်သေးဘူး ဆိုရင်တော့ လောလောဆယ် ကျွန်တော်တို့ ထွက်ပေါက်က ပိတ်နေဦးမယ် ထင်ပါ တယ်“

ရန်ကုန်မြို့မှာ လုံခြုံရေးပိုတင်းကျပ်ပြီး ရိုက်နှက်ဖမ်းဆီးမှုတွေ များလာနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ မေးမြန်းနိုင် ဖို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ တယ်လီဖုန်း ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

mayangon-guest-list.jpg
(ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်း ၄ လမ်းမှာ ၂၀၂၁ စက်တင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဧည့်စာရင်းဝင်စစ်ခဲ့စဉ် - Photo: CJ)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ကထုတ်ဝေတဲ့ စစ်ကောင်စီရဲ့ မြန်မာ့အလင်း သတင်းစာမှာတော့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံနဲ့ အချိန်ကိုက် နိုင်ငံအနှံ့အပြားမှာ အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင် နေကြတာတွေနဲ့ ပတ်သက်လို့ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာကို လျှို့ဝှက်သတင်းပေးပို့ပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ နှိုးဆော်ရေးသားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရကတော့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အကြမ်းဖက်တိုက်ခိုက်ပြီး ဖြေရှင်းမှာကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားသလို ယူကေနိုင်ငံကလည်း မြန်မာနိုင်ငံမှာ နောက်ထပ်ပဋိပက္ခတွေကို ထပ်မဖြစ်စေ ချင်တော့ဘူးလို့ မကြာသေးခင်က ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ပြောဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။