နိုင်ငံလုံခြုံရေးအဖွဲ့တွေရဲ့ ယူနီဖောင်းပုံစံ တုပမဝတ်ဆင်ကြဖို့ ပြည်နယ် ရဲတပ်ဖွဲ့မှူး ပြောကြား

2018-02-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်က ဟိုတယ်၊ ဘဏ်၊ အသင်းအဖွဲ့တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာရှိတဲ့ လုံခြုံရေး ဝန်ထမ်းတွေကို နိုင်ငံတော် လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ အသွင်သဏ္ဍာန်ပုံစံနဲ့ ဆင်တူတဲ့ ယူနီဖောင်းတွေ မဝတ်ဆင်ကြဖို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြည်နယ် အရန် ရဲတပ်ဖွဲ့ရုံးမှာ ပုဂ္ဂလိကဘဏ်၊ ဟိုတယ်၊ တည်ခိုခန်း၊ ကုမ္ပဏီ စတဲ့လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး က ပြောတာဖြစ်ပါတယ်။

"နိုင်ငံတော်က သတ်မှတ်ထားတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ ဝတ်ဆင်နေတဲ့ ယူနီဖောင်းတွေကို တုပပြီးတော့ ချုပ်လုပ်ဝတ်ဆင်တာမျိုးကို ဒီနေ့ ဒီအချိန်ကစပြီး မလုပ်မိစေဖို့ နောင်လည်းမလုပ်မိစေဖို့၊ မိမိတို့အဖွဲ့အစည်းတွေ တရားဝင်ဖွဲ့စည်းခွင့်ရရင် ဆင့်ကဲတင်ပြပြီးတော့မှ အစိုးရရဲ့ အသင်းအဖွဲ့စည်းမျဉ်း မှတ်ပုံတင်အရ ခွင့်ပြုတဲ့အချိန် မှာ မိမိတု့ိ ဘယ်ယူနီဖောင်းကို ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုအရောင်အသွေးမျိုးနဲ့ ချုပ်လုပ်ချင်ပါသလဲ ဒါလေးကို ခွင့်ပြုပေးပါလို့ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူပြီးမှသာလျှင် ချုပ်လုပ်ဝတ်ဆင်ကြဖို့ ဒါလေးကို စကားတစ်လက်စတည်း တားလိုပါတယ်"

သတ်မှတ်ထားတဲ့ အဆင်တန်ဆာမဟုတ်တဲ့ ယူနီဖောင်းတွေကို ဖန်တီးချုပ်လုပ် ဝတ်ဆင်တဲ့အတွက် ပြည်သူလူထု ရဲ့ လုံခြုံရေးနဲ့ ဘဏ်တွေ၊ ဟိုတယ်တွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေရဲ့ လုံခြုံရေးကို တနည်းနည်းနဲ့ ထိခိုက် လာနိုင်ကြောင်း နိုင်ငံတော် အကြီးအကဲတွေက သုံးသပ်ထားတယ်လို့ ပြောပါတယ်။

သတ်မှတ်တည်ဆဲဥပဒေတွေအရ ခွင့်ပြုချက်မရှိဘဲ နိုင်ငံတော် လုံခြုံရေးတာဝန်တွေကို ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ယူနီဖောင်းတွေကို တုပ ဝတ်ဆင်ခဲ့မယ်ဆိုရင် တည်ဆဲဥပဒေတွေအရ အရေးယူခံရမှာ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် ထုတ်ပြန်ကြေငြာထားတယ်လို့ သိရပါတယ်။

အခုလို အသိပေးတာတွေကို တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ပြည်နယ်၊ တိုင်း ရဲတပ်ဖွဲ့တွေက ဆောင်ရွက်ခဲ့ပြီး အခု ရခိုင်ပြည်နယ်က လုပ်ငန်းရှင်တွေကို ဆက်လက် အသိပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မှုခင်း အထူးသတင်းထောက်တွေ ဝတ်ဆင်နေတဲ့ ယူနီဖောင်းဝတ်စုံတွေဟာလည်း ဥပဒေအရ တရားဝင်ခွင့်ပြုထားတဲ့ ဝတ်စုံတွေမဟုတ်ဘူးလို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့