သာပေါင်းမြို့နယ်က စစ်ကောင်စီတပ်စခန်း ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်
2025.02.04

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ ကျားခေါင်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။
ကျားခေါင်းရွာက တပ်စခန်းက လူအင်အား လေးဆယ်ကျော်နဲ့ ဇန်နဝါရီလ အစောပိုင်းကတည်းက ခံစစ် အခိုင်အမာပြင်ထားတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
တပ်စခန်းသိမ်းပြီးနောက် သာပေါင်းမြို့နယ်အစပ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကျားခေါင်းစခန်းက သဲဖြူ-မကျီးဇင် လမ်းမပေါ်မှာ ရှိတာ။ တိုက်ပွဲက မြို့နားကပ်လာတဲ့သဘောဆိုတော့ အကုန်လုံးက စိုးရိမ်နေကြတာ။ တချို့တွေဆို အထုပ်တွေပါ ပြင်ထားတာ။ ကျားခေါင်းက ဒဏ်ရာရတဲ့သူတွေက ပုသိမ်ဆေးရုံကို ပို့ပြီး ဆေးကုပေးနေတယ်လို့ ကြားတယ်"
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေးဦးထက်မနည်း သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရသွားတယ်လို့ သူက ပြောပါတယ်။
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်မြို့နယ်ထဲက တိုက်ပွဲတွေမှာ အာရက္ခတပ်တော် (AA) နဲ့အတူ ကာကွယ်ရေးတပ်ဖွဲ့တွေကပါ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ စစ်ရေးအခြေအနေကို သိရှိတဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်က မြို့နယ်အားလုံးနီးပါးကို သိမ်းပိုက်ထားတဲ့ အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းအစပ်က တပ်စခန်းတွေအထိ အခု ဇန်နဝါရီလဆန်းမှာ ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်ခွဲက စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗေဒါဂိတ်၊ ဒေါင့်ချောင်းနဲ့ ဗောဓိစစ်ဆေးရေးဂိတ်စခန်းတွေအပြင် ပုသိမ်မြို့နယ်က မကျီးဇင်ရွာ ရဲကင်းစခန်းနဲ့ စစ်ကောင်စီတပ် ကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားပါတယ်။