ဗန်းမော်မြို့အနီးက စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA သိမ်းယူ
2024.08.21
ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ ငါးမိုင်ခန့်အကွာ ကောင်ဂျာယန်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဩဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဗန်းမော်မြို့နဲ့ ၇ မိုင်ခန့်ဝေးတဲ့ မိုးမောက်မြို့ကို KIA က ဩဂုတ်လ ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိမှာ ဗန်းမော်မြို့နယ်ထဲကိုပါ တိုက်ပွဲတွေ ကူးစက်လာတာပါ။
အခုသိမ်းပိုက်လိုက်တဲ့ တပ်စခန်းက ဗန်းမော်-မံစီ ကားလမ်းပေါ်မှာ အင်အားနှစ်ဆယ်ခန့်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
"မနေ့က နယ်မြေရှင်းလင်းတာ အပြီးလုပ်ပြီးပြီ။ မံစီက ခမရ (၃၁၉) နဲ့ ခမရ (၆၀၁) တွေရဲ့ ကာကင်းတပ်ပေါ့။ အင်အားက နှစ်ဆယ်ဝန်းကျင်လောက်ပဲရှိမယ်။ မိုးမောက်ဘက်ကိုလည်း မနေ့က လေယာဉ်နဲ့ လာပစ်တာတွေရှိတယ်"
ဒီကာကင်းစခန်းကို KIA က သိမ်းယူနိုင်လိုက်တာကြောင့် တိုက်ပွဲတွေက ဗန်းမော်မြို့နဲ့ ပိုပြီးနီးကပ်လာပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲဒီတပ်က မံစီမှာ တိုက်ပွဲဖြစ်ပြီးနောက် လာထိုင်တာဟုတ်တယ်။ အရင်ကတော့ မရှိဘူး။ အဲဒီမှာ သံချပ်ကာတွေလည်းရှိတယ်။ အဲဒီကနေ လက်နက်ကြီးတွေလည်း ပစ်ပစ်နေတဲ့တပ်ဖြစ်တယ်။ ဗန်းမော်မြို့နဲ့က တော်တော်နီးသွားပြီ၊ ၄ မိုင်၊ ၅ မိုင်ဝန်းကျင်ပဲရှိမယ်"
ဒီနေ့ပျံသန်းမဲ့ မန္တလေး-ဗန်းမော်၊ ဗန်မော်-မန္တလေး လေယာဉ်ခရီးစဉ်တွေလည်း ရပ်ဆိုင်းထားတယ်လို့ လေယာဉ်လက်မှတ်ရောင်းသူတွေက ပြောပါတယ်။ ရပ်ဆိုင်းလိုက်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်သူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ကချင်ပြည်နယ်အတွင်း ဒေါ့ဖုန်းယန်၊ မြို့သစ်၊ လွယ်ဂျယ်၊ မြို့လှ၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ မိုးမောက် စတဲ့ မြို့တွေအပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း နှစ်ရာခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။