စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေ အကြား မတ်လ ၁၅ ရက် မနေ့ညနေပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့က MA-11 သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အချုပ်သားခြောက်ဦးနဲ့ အကျဉ်းသား တစ်ဦး၊ စုစုပေါင်း ခုနစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ကောင်စီက မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီပဋိပက္ခဟာ အချုပ်သား ဗန်ဒိန်း ဦးဆောင်တဲ့ အင်အား ၅၀ ဝန်းကျင်က အကျဉ်းထောင် တာဝန်ခံအရာရှိ ဦးကျော်သူ၊ ဒုတိယ တာဝန်ခံအရာရှိ ဦးချိုမင်းလတ်နဲ့ ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုးတို့ သုံးဦးကို ဓားစာခံလုပ်ပြီး အကျဉ်းထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့တာက စတင်တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ကလေးမြို့အကျဉ်းထောင်ဟာ လူနေရပ်ကွက်တွေ၊ ရွာတွေနဲ့ ဝေးတာကြောင့် မနေ့က ဖြစ်စဉ်နဲ့ ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ အတည်ပြုချက်တွေတော့ မရသေးပါဘူး။
ကလေးမြို့အကျဉ်းထောင်ကို ဝင်ထွက်နေတဲ့ ရှေ့နေတွေနဲ့ ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို ယုံကြည်မှုနည်းနေကြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့ခံတစ်ဦးကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် သူ့အနေနဲ့ သံသယဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။
“ ဖြစ်တာကတော့ ဒီညနေလေးနာရီကျော်လောက်မှာ ဖြစ်ကြတယ်လို့ ပြောတယ်။ စစ်ကောင်စီထုတ်တဲ့ သတင်းနဲ့ ပြည်သူတွေ ကြားတဲ့သတင်းက ကွဲလွဲချက်တွေတော့ ရှိတယ်။ သူတို့ အမှန်အတိုင်း ဘယ်တော့မှ မပြောခဲ့တဲ့ ပုံစံအတိုင်းပဲ။ အနည်းဆုံးတော့ လူ ခုနစ်ဦးထက်မနည်း ထောင်ထဲမှာ သူတို့ ပစ်သတ်လိုက်တယ်။ မျက်မြင်တွေ့ရတာ တော့ အဲဒီလူတွေကို သူတို့လုံခြုံရေးယူထားတဲ့ ပြည်သူ့ဆေးရုံမှာ အလောင်းတွေ သယ်လာတယ်။ ရင်ခွဲရုံမှာထားတယ် ”
အကျဉ်းသားတွေဟာ ထောင်ကနေထွက်ပြေးဖို့ ကြိုးစားတာမဖြစ်နိုင်ဘဲ ထောင်အာဏာ ပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေအပေါ် ဖိနှိပ်တဲ့အတွက် ဆန္ဒပြမှုအပေါ် အကြမ်း ဖက်ဖြိုခွင်းခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆပါတယ်။
ပဋိပက္ခကို ဖြိုခွင်းရာမှာ ဗန်ဒိန်း၊ မျိုးဝင်းအောင်၊ ဝင်းကိုနိုင်၊ မောင့်ညီ၊ မျိုးမင်းထွန်း၊ ချမ်းမင်းကို နဲ့ တူးခိုင်တို့ ခုနစ်ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရ တဲ့သူတွေရဲ့ အမည်တွေကိုတော့ မသိရသေးပါဘူး။
ပဋိပက္ခကို ဦးဆောင်သူလို့ စစ်ကောင်စီက စွပ်စွဲပြီး ပစ်သတ်ခံရသူတွေထဲပါဝင်တဲ့ အချုပ်သား ဗန်ဒိန်း (ခေါ်) ဆလိုင်း ရှလွန်ရှန်းထန်းလျန် (Salai Shalom Siang Thang Lian @ Van Dam) ဟာ ချင်းအမျိုးသားကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ CNDF တာဝန်ရှိသူက ပြောပါတယ်။
“သူတို့ကြေညာထားတဲ့ဟာလည်း ကျနော်တို့ မယုံကြည်ဘူး။ ဗန်ဒိန်းဟာ ကျနော်တို့ အားကိုးအားထား ရတဲ့ ရဲဘော်တစ်ယောက်ဖြစ်တယ်။ အဖမ်းခံရတာလည်း တစ်နှစ် နီးပါးရှိပြီ။ ဇွန်လတုန်းက အဖမ်းခံရတာ။ ကောင်းကောင်းမွန်မွန်နေပြီးမှ အကျင့်စာရိတ္တ လည်းကောင်းတဲ့ ရဲဘော်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဒီလို သူတို့ (စစ်ကောင်စီ) ပြောတဲ့ စံ မဟုတ်လောက်ဘူး။ ဗန်ဒိန်းအတွက်သာမက ကျဆုံးသွားတဲ့ ရဲဘော်များ အတွက် ကျနော်တို့ အနေနဲ့ အရမ်းကို ဝမ်းနည်းမိပါတယ်”
ဗန်ဒိန်းဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက ကလေးမြို့မှာ CNDF ရဲ့ စစ်ရေးတာဝန်တွေ ထမ်းဆောင် နေတုန်း ဖမ်းဆီးခံ လိုက်ရတာဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အကျဉ်းထောင် ထဲမှာ အမှုရင်ဆိုင်နေရတာပါ။
မနေ့က ပစ်ခတ်ဖြိုခွင်းလို့ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေထဲ နိုင်ငံရေးအကျဉ်း သားတွေ ပါဝင်တယ်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေက RFA ကို အတည်ပြုပါတယ်။ ဒါပေမဲ့ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်နဲ့ အသေးစိတ် အချက်အလက်တွေကို သူက မပြောပါဘူး။
ပဋိပက္ခကိုဖြေရှင်းရာမှာ ခန္ဓာကိုယ် အောက်ပိုင်းကို ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
"အနည်းဆုံးတော့ လူ ခုနစ်ဦးထက်မနည်း ထောင်ထဲမှာ သူတို့ ပစ်သတ်လိုက်တယ်"
ဒါပေမဲ့ စစ်ကောင်စီက သတင်းထောက်တွေကို Viber Group ကနေ မနေ့က ဖြန့်ဝေခဲ့တဲ့ ဓာတ်ပုံမှတ်တမ်း တွေအရ သေဆုံးသူအချို့ရဲ့ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ပစ်ခတ်ခံထား ရတာကို တွေ့ရပါတယ်။ အဲဒီဓာတ်ပုံတွေကိုတော့ စစ်ကောင်စီက Viber Group ထဲကနေ ပြန်လည်ဖယ်ရှားခဲ့ပါတယ်။
အခုလို ခန္ဓာကိုယ်အပေါ်ပိုင်းကို ပစ်ခတ်ခံရတာဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ဒေသခံရှေ့နေတစ်ဦးက ထောက်ပြပါတယ်။
အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးခင်ရွှေကတော့ သေဆုံးသူတွေဟာ ငုံ့ပြီးရှောင်တဲ့အတွက် ခေါင်းကို ကျည်ထိမှန်တာလို့ ဆိုပါတယ်။
"အဲဒါကတော့ဗျာ အရေးထဲကျတော့လည်း ရှောင်တာ၊ တိမ်းတာ၊ ပစ်တာ ခတ်တာ ကြောင့် ထိကောင်းလည်း ထိသွားနိုင်ပါတယ်။ အများနဲ့ ကာကွယ်ရတာဆိုတော့ ဒါမျိုးဖြစ်တတ်ပါတယ်။ ဒဏ်ရာရတဲ့သူကိုတော့ ဒဏ်ရာရသလို ကုပေးပါတယ်။ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ပေးနေပါတယ်"
ထောင်အာဏာပိုင်တွေအနေနဲ့ ဒီပဋိပက္ခမှာ ပါဝင်ခဲ့တဲ့သူတွေကို ထပ်မံ စိစစ်ဖော်ထုတ်ပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့လည်း ဦးခင်ရွှေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦး ကတော့ မနေ့ကဖြစ်စဉ်မှာ စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့ဝင်တွေက နိုင်ငံရေးအကျဉ်းသား တွေအပေါ် အငြိုးအတေးထားပြီး ပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုပါတယ်။
“ထောင်ထဲမှာ ဖိနှိပ်မှုတွေ အရမ်းများတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေက ထောင် ကို ဆန္ဒပြတဲ့ဖြစ်စဉ်တွေ နေရာတော်တော်များများမှာ ဖြစ်နေတယ်။ ဒီလိုမျိုးဆန္ဒပြတဲ့ ဖြစ်စဉ်တွေပေါ်မှာ သူတို့ဘက်က အကြမ်းဖက် ဖြိုခွင်းတာတွေလုပ်ရင်းနဲ့ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲ ကျဆုံးသွားတာဖြစ်နိုင်ဖို့ အလားအလာ အများကြီးရှိတယ်။ သေချာတာကတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ထဲမှာ အခုကာလမှာ နိုင်ငံရေးအငြိုးအတေးတွေကြောင့် မတရားညှဥ်းပန်းနှိပ်စက်မှုတွေ ထောင်တိုင်းလိုလိုမှာ ကြုံနေရတယ် ”
AAPP စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် မတ်လ ၁၅ ရက် အထိ အကျဉ်းထောင် အသီးသီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၆၉၁ ဦးအထိ ရှိနေပါပြီ။
နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ပစ်မှတ်ထား ဖိနှိပ်တဲ့အတွက် ရန်ကုန်တိုင်း အင်းစိန်ထောင်နဲ့ မန္တလေးတိုင်း အိုးဘိုထောင်တွေမှာ အကျဉ်းသားတွေ ဆန္ဒပြခဲ့တာရှိပါတယ်။
အဲဒီတုန်းကလည်း အကျဉ်းထောင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကျဉ်းသားတွေကို ရိုက်နှက်ဖြိုခွင်းတာတွေ ရှိခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။