ဝက်လက်မှာ ဒေသခံ ခုနစ်ဦး သတ်ဖြတ်ခံရပြီး ၃၀ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမရိုးနဲ့ ရွှေပန်းကုန်းရွာကြား ဇူလိုင်လ ၆ရက် ဒီနေ့မနက် ၅ နာရီဝန်းကျင်မှာ ဈေးရောင်းထွက်လာတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ် စစ်ကြောင်းက ပစ်ခတ်တာကြောင့် ခုနစ်ဦး သေဆုံးပြီး နောက်ထပ် အရပ်သား ၃၀ ဝန်းကျင်လည်း ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေပန်းကုန်းရွာကို ဈေးရောင်းထွက်လာတဲ့ သမရိုးရွာက အသက် ၅၇ နှစ်အရွယ် ဒေါ်နှင်းလှိုင်၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ပွေလီ၊ အသက် ၄၀ အရွယ် ဒေါ်အေးနုဝင်း၊ အသက် ၃၀ အရွယ် မဖြူဖြူစန်း၊ အသက် ၆၂ နှစ်အရွယ် ဦးသိန်းလှိုင်၊ အသက် ၅၅ နှစ် အရွယ် ဦးဖိုးလွင်နဲ့ အသက် ၂၇ နှစ်အရွယ် ကိုလွင်မိုးတို့ သေဆုံးခဲ့တာပါ။

ဒီပစ်ခတ်မှုမှာ နောက်ထပ် အရပ်သား ခြောက်ဦးလည်း ဒဏ်ရာအပြင်းအထန်ရထားတယ် လို့ ဆိုပါတယ်။ ဒဏ်ရာရသူတွေက အသက် ၂၉ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး မခင်မျိုးသူ၊ အသက် ၆၅ နှစ်အရွယ် ဦးတင်ဝင်း၊ အသက် ၅၈ နှစ်အရွယ် ဦးမြင့်သောင်း၊ အသက် ၅၇ နှစ်အရွယ် ဒေါ်ခင်မာကြူ၊ အသက် ၅၇ နှစ်အရွယ် ဒေါ်နှင်းရီနဲ့ အသက် ၅၂ နှစ်အရွယ် ဒေါ်ယုတို့ဖြစ်ကြပါတယ်။

ဈေးသည်တွေ မနက်ခင်းအစော ဈေးရောင်းထွက်ချိန် စစ်ကြောင်းနဲ့တိုးလို့ ပစ်သတ်ခံရတာလို့ လုံခြုံရေးအရ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွှေပန်းကုန်းကိုလာတဲ့ သာမန်အရပ်သား ဈေးသည်တွေပေါ့။ ကားနဲ့ ဆိုင်ကယ်ဘေးတွဲနဲ့ အဲဒီလာတဲ့ဟာတွေကို ရွှေပန်းကုန်းနဲ့ သမရိုးနဲ့ကြားထဲမှာ စစ်ကြောင်းနဲ့တိုးတော့ ပစ်သွားတာ။ ရက်ရက်စက်စက်ကို သတ်ဖြတ်ထားတာ”

စစ်ကြောင်းနဲ့တိုးလို့ ဖမ်းဆီးခံရတဲ့ ဒေသခံ ၃၀ ဝန်းကျင်ကိုလည်း ဝက်လက်မြို့နယ်ထဲ ကနေ စစ်ကြောင်းပြန်ထွက်သွားတဲ့ အရာတော်မြို့နယ်ဘက်ကို ခေါ်ဆောင်သွားတယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင် ၅ ရက်ထိ စာရင်းအရ အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၃၇၄၇ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။