ဖားကန့်မှာ တိုက်ပွဲတွေကြောင့် ရွာသား ၃ဝဝဝ ကျော် ထွက်ပြေးတိမ်းရှောင်ရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ သြဂုတ်လ ၈ ရက်နေ့ကတည်းက ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ဒေသခံ ၄ဝဝ ကျော်ကို ဩဂုတ်လ ၁၁ ရက် မနေ့မနက်က သွားရောက်ကယ်ထုတ်လိုက်နိုင်တယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

လက်ရှိမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အရေးပေါ်စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကျေးရွာသားတွေကို ကယ်ထုတ်ရာမှာ ပါဝင်တဲ့ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။

“အခုက ရွာမှာ ဘယ်သူမှ မကျန်တော့ဘူး၊ ဘုန်းကြီးကအစ ထွက်ခဲ့ပြီ။ စာရင်းအတိအကျတော့ မရသေးဘူး။ ကျေးရွာက လူဦးရေ ၃၀၀၀ ကျော်က အကုန်လုံးထွက်ပြေးသွားကြပြီ။ အကူအညီတွေလည်း အများကြီး လိုအပ်နေတယ်။ ပြေးလာတဲ့သူတွေလည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာတဲ့သူတွေ များတယ်လေ။ အဝတ်အစား အရေးကြီးတယ်။ နောက်ပြီးတော့ စားရေးသောက်ရေးပေါ့၊ ကူညီနေတဲ့ အဖွဲ့တွေလည်း အခက်အခဲရှိတဲ့ဟာက လုပ်နေရတာပေါ့”

ဆယ်ဇင်းကျေးရွာသား ၃ဝဝဝ ကျော်ဟာ ရွာနဲ့ ၂၅ မိုင်လောက်ဝေးတဲ့ ခိုမ၊ နန်စဘိန်း၊ ရွှေတောင်ကျော်၊ ဟောင်းပါး၊ တာမခန်၊ ဘုရားတောင် စတဲ့ကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြရတာ ဖြစ်ပါတယ်။

ဩဂုတ်လ ၈ ရက်နေ့က ဆယ်ဇင်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရွာတစ်ဖက်ကမ်း စစ်ကိုင်းတိုင်း ဟုမ္မလင်း မြို့နယ် ရွှေပြည်မြင့်ရွာက ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ PDF တွေက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ဩဂုတ်လ ၉ ရက်နေ့မှာလည်း ဆယ်ဇင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီ ရဲစခန်းကို KIA က သွားရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်က လေကြောင်းကနေ ရှစ်ကြိမ်လောက် လာပြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ကျေးရွာသားတွေ ကနဦးထွက်ပြေးတိမ်းရှောင်သွားကြရတာဖြစ်ပြီး မနေ့က သြဂုတ်လ ၁၁ ရက်နေ့မှာတော့ ရွာထဲမှာ ကျန်နေခဲ့ကြတဲ့သူတွေ အားလုံးကို ကယ်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ဆယ်ဇင်းရွာက တိုက်ခိုက်မှုတွေအတွင်း လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အရပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့သလို ဩဂုတ်လ ၉ ရက်နေ့ညက စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်တွေ ကျေးရွာထဲကို ဝင်လာပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

တိုက်ပွဲပြန်ငြိမ်သွားရင် ကိုယ့်အိမ်ကို ပြန်နေရမယ်လို့ထင်ခဲ့ပေမယ့် ခုတော့ မျှော်လင့်ချက်ဆုံးရှုံးသွားပြီလို့ နေအိမ်မီးလောင်တဲ့အထဲပါသွားတဲ့ ဆယ်ဇင်းဒေသခံတစ်ဦးက ပြောပါတယ်။

“နေအိမ်မီးထဲပါသွားတော့ နှမြောတာပေါ့။ ကိုယ်တွေက ၁၅ နှစ်လောက် ပင်ပင်ပန်းပန်းရှာထားပြီး ဆောက်ထားတဲ့ အိမ်ပေါ့။ အခုက တိုက်ပွဲဖြစ်နေတော့ မိသားစုအသက်အန္တရာယ်စိုးရိမ်လို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ထွက်ပြေးလာရတာ ပစ္စည်းတွေလည်း အကုန်ထားခဲ့ရတာပေါ့။ တိုက်ပွဲပြန်ငြိမ်သွားရင် ကိုယ့်အိမ်ကို ပြန်နေမယ်၊ ပစ္စည်းတွေလည်းပြန်ရမယ်။ နဂိုအတိုင်း စျေးဆိုင်လည်းပြန်ဖွင့်ပြီးနေမယ်လို့ မျှော်လင့်ထားတာ အခုမျှော်လင့်ချက်တွေ ဆုံးရှုံးသွားတာပေါ့”

လက်ရှိမှာတော့ ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်တွေ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ဆယ်ဇင်းရွာအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်မသိရသေးပေမယ့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေကိုတော့ အစိုးရက ကူညီဖို့ အဆင်သင့်ရှိတယ်လို့ ဩဂုတ်လ ၁၀ ရက်နေ့က RFA ကို ပြောဆိုထားပါတယ်။

“တိုက်ပွဲဖြစ်နေတဲ့သတင်းတော့ ကျနော့်ဆီမရောက်သေးဘူးခင်ဗျ။ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးလေ၊ အဲဒီကိုမေးကြည့်ရမှာပေါ့။ တိုက်ပွဲတွေဖြစ်လို့ နေရပ်စွန့်တာတွေ ရှိရင်တော့ ပြည်သူတွေကို ထောက်ပံ့ဖို့ အဆင်သင့် လုပ်ခိုင်းထားတယ်။ မီးရှို့ခံရတယ်ဆိုတာတော့ ဘယ်ကသတင်းလဲတော့ မသိဘူး။ ကျနော့်ဆီကိုတော့ အဲဒီသတင်းမရောက်သေးဘူး။ လူမှုရေးဝန်ကြီးဆိုတော့ တိုက်ပွဲတို့ဘာတို့နဲ့ပတ်သက်တဲ့သတင်းက ကျနော့်ဆီ ရောက်ချင်မှရောက်တယ်ခင်ဗျ”

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဟာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်မှာရှိပြီး အိမ်ထောင်စု ၆၀၀ ကျော်နဲ့ လူဦးရေ ၃၀၀၀ ကျော်နေထိုင်တဲ့ကျေးရွာ ဖြစ်ပါတယ်။ ဆယ်ဇင်းကျေးရွာအပါအဝင် ဖားကန့်မြို့နယ်ကို စစ်ကောင်စီက မိုဘိုင်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာ ဩဂုတ်လ ၂၀ ရက်နေ့ဆိုရင် တစ်နှစ်ပြည့်မှာလည်း ဖြစ်ပါတယ်။