ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ထဲမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ကြား တိုက်ပွဲတွေ ကြောင့် ဒေသခံ နှစ်ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ရွာသား တွေက ပြောပါတယ်။
ကျောက်ဂူရွာအနီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက RCSS တပ်ဖွဲ့တွေ လှုပ်ရှားနေတာ ဖြစ်ပြီး ရွာအနီးကို SSPP တပ်ဖွဲ့တွေ ဝင်လာချိန် ဖေဖော်ဝါရီလ ၉ ရက် မနေ့ကစပြီး ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်တာလို့ ဆိုပါတယ်။
မနေ့မနက် ၁၀ နာရီကနေ ညနေ ၃ နာရီကျော်အထိ RCSS နဲ့ SSPP တို့ တိုက်ပွဲပြင်း ထန်ခဲ့ပြီး ညနေ ၄ နာရီကျော်မှာတော့ စစ်ကောင်စီဘက်က အဲဒီတိုက်ပွဲဖြစ်နေတဲ့ ကျောက်ဂူနဲ့ တစ်မိုင်ကျော်ဝေးတဲ့ ဂုံဟင်းရွာ တောထဲကို တိုက်လေယာဉ်သုံးစီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
SSPPပြောခွင့်ရ ဗိုလ်မှူး စိုင်းဘုန်းဟန်က စစ်ကောင်စီက RCSS ဘက်ကနေ လေယာဉ်နဲ့ လာကူတိုက်ခိုက်ခဲ့လို့ SSPP တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
SSPP အနေနဲ့ RCSS ရဲ့ တပ်မဟာ (၁၉၈) တပ်မဟာမှူး အပါအဝင် တပ်သား ၂၀ ကျော်ကို လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိထားပြီး၊ သူတို့ကို စစ်သုံ့ပန်း ဥပဒေတွေအတိုင်း ထိန်း သိမ်းထားတယ်လို့ ဆိုပါတယ်။
RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံကတော့ စစ်ကောင်စီက သူတို့ဘက်ကနေ လေယာဉ်နဲ့ ကူတိုက်ပေးတယ်ဆိုတာ မဟုတ်ဘဲ နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ ကြားထဲကို ဝင်ရောက်ပစ် ခတ်သွားတာလို့ ပြောပါတယ်။
RCSS ရဲ့ တပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားတယ်ဆိုတဲ့ SSPP ရဲ့ ပြောဆို ချက်ကိုတော့ လက်ရှိ မြေပြင်မှာ တိုက်ပွဲဧရိယာ ကျယ်ပြန့်နေတာကြောင့် အသေးစိတ် မသိရသေးဘူးလို့ တုံ့ပြန်ပါတယ်။
လက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲကြောင့် ကျောက်ဂူ ညောင်ပင်သာရွာထိပ်က နေအိမ် တစ်လုံး လက်နက်ကြီးထိမှန် ပျက်စီးခဲ့သလို ရပ်ကွက် (၂) က အမျိုးသားတစ်ဦးလည်း ခြေထောက်မှာ သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီခြေထောက်မှာ ဒဏ်ရာရတဲ့သူကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့က သူတို့ မှားယွင်းပစ်ခတ်မိတာကြောင့် ဆေးကုပေးမယ်ဆိုပြီး ခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဂူတိုက်နယ်ရွာဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းပေါ်မှာ တည်ရှိတာပါ။
လက်ရှိ ထွက်ပြေးနေတဲ့ ဒုက္ခသည် နှစ်ထောင်လောက်ဟာ ရပ်စောက်နဲ့ အင်းတော်မြို့ နယ်က ဘုန်းကြီးကျောင်းတွေနဲ့ အနီးနားက တောတောင်တွေထဲမှာ ထွက်ပြေးခိုလှုံနေ ရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရတဲ့ ကိုသားသားက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက် ဒီကနေ့မှာတော့ ကျောက်ဂူရွာအနီးတဝိုက် အခြေအနေတွေ ပြန်လည်တည်ငြိမ်နေပြီဖြစ်ပေမယ့် နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေအပြင် စစ် ကောင်စီတပ်ဖွဲ့တွေပါ လှုပ်ရှားနေတာကြောင့် နေရပ်မပြန်ရဲကြသေးဘူးလို့ ထွက်ပြေး နေတဲ့ ရွာသားတွေက ပြောပါတယ်။