တပ်မတော် သိက္ခာပြန်ဆည်ဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောဆို

ရှမ်းပြည်တပ်မတော်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် တိုးတက်ရေးပါတီက မတ်လ ၂၇ ရက် မနေ့က ရှင်းလင်းချက် ထုတ်ပြန်လိုက်သလို ရှေ့တန်းရောက် မြန်မာ တပ်မတော်သားတွေနဲ့ တပ်မှူးများနဲ့ အရပ်သားများထံသို့ အိတ်ဖွင့်ပေးစာ တစောင်လည်း ပေးပို့လိုက်ပါတယ်။

ရှမ်းပြည် တိုးတက်ရေးပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်အစိုးရဟာ ရှမ်းပြည်တပ်မတော် လက်နက်ချဖို့ သဘောတူထားတယ် ဆိုတာကို ဝါဒဖြန့် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ရှင်းပါတယ်။ ဒါ့အပြင် ရှမ်းပြည်တပ်မတော်ရဲ့ သဘောထားနဲ့ ရပ်တည်ချက်တွေကိုလည်း စစ်အစိုးရထံကို ရှင်းရှင်းလင်းလင်း တင်ပြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတင်ပြချက်တွေကို စစ်အစိုးရကသာ မသိကျိုးကျွံ ပြုနေခဲ့တယ်လို့ ရေးထားပါတယ်။

တဆက်တည်း ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာမှာ တပ်မတော်သားများကို လက်တဆုပ်စာ စစ်အစိုးရကို အလုပ်အကျွေး မပြုဖို့ တိုက်တွန်းထားပြီး တပ်မတော်ရဲ့ ကျဆင်းနေတဲ့ သိက္ခာကို ပြန်တင်နိုင်ဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် တပ်မတော်သားများကို ရှမ်းပြည်တပ်မတော်ကို လာရောက်ဖို့ ဖိတ်ခေါ်ထားသလို ကျောင်းသား တပ်မတော်ကို သွားချင်ရင်လည်း ပို့ဆောင်ပေးမှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။